ကိုဗစ် ကန့်သတ်ချက်တွေကြား ထိုင်းရောက် မြန်မာအလုပ်သမား တချို့ အခက်ကြုံနိုင်

လုဆိုင်း(ထိုင်းနိုင်ငံ)
2021-07-09
Share

ထိုင်းနိုင်ငံမှာ ကိုဗစ်ရောဂါ ကူးစက်ပျံ့နှံ့မှု အနီရောင်အဆင့်ရှိတဲ့ ခရိုင် ခြောက်ခုကို ၁၄ ရက် ညမထွက်ရအမိန့် ဇူလိုင်လ ၉ ရက်နေ့ မှာ ကျင်းပတဲ့ အစည်းအဝေးကနေ ဆုံးဖြတ်လိုက်ပါတယ်။

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ၊ နွန်ထဘူရီ၊ ပထုန်ဌာနီ၊ နခွန်ပထုန်၊ စမွတ်ပရာကန်၊ စမွတ်ဆာခွန် စတဲ့ ခရိုင် ခြောက်ခုကို လာမယ့် ဇူလိုင် ၁၂ ရက် နေ့ကနေစပြီး ၁၄ ရက်ကြာ ညမထွက်ရအမိန့် ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။

ညမထွက်ရ အမိန့်ထုတ်ပြန်လိုက်တဲ့အတွက် စက်ရုံတွေမှာ ညအလုပ်လုပ်တဲ့ ရေလုပ်သားတွေ၊ ရာဘာခြံတွေမှာ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာရွှေ့ပြောင်း လုပ်သားတွေအတွက် အခက်အခဲရှိလာနိုင်တယ်လို့ ထိုင်းတောင်ပိုင်းအခြေစိုက် ပညာရေးနဲ့ ဖွံ့ဖြိုးရေးဖောင်ဒေးရှင်း (FED) က အလုပ်သမားရေးတာဝန်ခံ ဦးမင်းဦးက ပြောပါတယ်။

“အားလုံးပေါင်းကတော့ ၁၀ ခု၊ အဓိကတော့ အိမ်ပြင်မထွက်ရဘူးပေါ့။ ညမထွက်ရဘူးပေါ့။ အဓိက ဘန်ကောက်နဲ့အနီးအနားမှာကတော့ တောင်ပိုင်း လေးပြည်နယ်ပါမယ်ဗျာ။ အဲဒါ ဒီနေ့မှ ထုတ်ပြန်တာ။ စတာကတော့ ၁၂ ရက်နေ့ စမယ်။ အထူးသဖြင့် ညဆိုင်းလုပ်တဲ့ အလုပ်သမားတွေဆို အခက်အခဲဖြစ်ပြီလေ။ တချို့ စက်ရုံ ငါးတို့၊ ပုဇွန် တို့ စက်ရုံတွေဆို ဒုက္ခရောက်မယ်။ ပြီးရင် ရာဘာခြံ လအလုပ်သမားတွေ သူတို့က ညဘက်လုပ်ရတဲ့ အလုပ်ကိုး။ တချို့ဆို ခြံထဲမှာ ပေးနေတဲ့လူဆို မလိုဘူး။ အဲဒီလို မဟုတ်ပဲ။ သူဌေးတွေ နေတဲ့ နေရာနဲ့ ခြံနဲ့ ဝေးတယ်။ အဲဒါဆို သွားပြီးခြစ်ရတဲ့လူတွေဆို ညဘက်ထွက်ရတာ အန္တရာယ် ရှိတာပေါ့နော်”

thailand-covidd.jpg
ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ဇူလိုင်လ ၉ ရက်နေ့က ကိုဗစ်-၁၉ စစ်ဆေးရန် စောင့်ဆိုင်းနေကြသူများ။(Photo: AFP)

ထိုင်းနိုင်ငံမှာ အခုဆိုရင် ဘန်ကောက်နဲ့ အနီးတဝိုက်က ခရိုင် ခြောက်ခုနဲ့ ထိုင်းတောင်ပိုင်းက ပတ္တာနီ၊ နာရာဌာနီ၊ ရလာ၊ ဆုန်ခရာ စတဲ့ ခရိုင် လေးခုနဲ့ဆိုရင် ခရိုင် ၁၀ ခုမှာ ညမထွက်ရ အမိန့်ထုတ်ပြန်ထားတယ်လို့ ထိုင်းနိုင်ငံ ကိုဗစ်ရောဂါအခြေအနေ စီမံအုပ်ချုပ်ရေး ဗဟိုဌာနက ဇူလိုင်လ ၉ ရက်နေ့ သတင်းထုတ်ပြန်ခဲ့ပါတယ်။

ညမထွက်ရအမိန့်ထုတ်ပြန်လိုက်တဲ့ စမွတ်ဆာခွန်ခရိုင် မဟာချိုင်က စက်ရုံတွေမှာ အလုပ် လုပ်ကိုင်နေတဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမားတွေအတွက် အချိန်ကို ပြောင်းလဲသတ်မှတ်လိုက်တဲ့အတွက် အခက်အခဲ သိပ်မရှိနိုင်ဘူးလို့ မဟာချိုင်က မြန်မာရွှေ့ပြောင်းအလုပ်သမား မမိုးမိုးက ပြောပါတယ်။

“ညီမတို့ဆီမှာ ဘာအခက်အခဲ ရှိလဲဆိုတော့ အားများအားဖြင့် မဟာချိုင်မှာကြတော့ အလုပ်ရုံမှာ နေ့ဆိုင်း၊ ညဆိုင်း ရှိနေပြီးသား၊ အကယ်၍ အလုပ်ရုံဝင်တဲ့အချိန် ခြောက်နာရီ၊ ခုနှစ်နာရီတို့၊ ရှစ်နာရီတို့ ဝင်ပြီးရင် ကျန်တဲ့အချိန် အပြင်မထွက်တော့ဘူး။ ဒါပေမယ့် အိုတီလုပ်ရတဲ့ လူတွေဆိုလို့ ရှိရင် သူတို့က အချိန်ကို ပြောင်းလဲတယ်။ အများဆုံး ရှိတယ်ဆိုရင် ၇ နာရီ မိနစ် ၅၀ ပြေးပြန်ပြီလေ။ လော့ဒေါင်းချတဲ့အခါကျတော့ သိပ်ပြီး အခက်အခဲမရှိဘူး။ ဘာဖြစ်လို့လဲဆိုတော့ မြန်မာနိုင်ငံသားတွေက ညဘက်ဆို အပြင်မထွက်ကြဘူးလေ”

ဇူလိုင်လ ၉ ရက်နေ့က ထိုင်း-မြန်မာနယ်စပ် ဆန်ခဘူရီခရိုင်ကိုလည်း ကိုဗစ်ရောဂါ ကူးစက်မှုထိန်းချုပ်နိုင်ဖို့ ၁၄ ရက်ကြာ ညမထွက်ရ အမိန့်ကို ချမှတ်လိုက်ပြီး ည ၁၀ နာရီကနေ မနက် လေးနာရီအတွင်းသွားလာမှု ကန့်သတ်လိုက်ပြီး ညမထွက်ရအမိန့် ထုတ်ပြန်လိုက်တယ်လို့ ဦးမင်းဦးက ပြောပါတယ်။

thailandd-covid.jpg
ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ဇူလိုင်လ ၈ ရက်နေ့က ကိုဗစ်-၁၉ စစ်ဆေးနေကြသူများ။ (Photo: AFP)

မွန်ပြည်နယ် ထိုင်းနယ်စပ်ကနေ တရားမဝင် ခိုးဝင်လာမှု၊ ထိုင်းအစိုးရ ချမှတ်ထားတဲ့ အမိန့်ကို မလိုက်နာရင် ပြစ်ဒဏ်ပိုကြီးလာမှာ ဖြစ်လို့ သတိထားနေကြဖို့ ဦးမင်းဦးက ပြောပါတယ်။

“ပြဌာန်းချက်ကို ဖောက်ဖျက်နဲ့လူကတော့ ထောင်ဒဏ် တနှစ်တို့၊ ဒဏ်ငွေ ၁ သိန်းတို့ပေါ့။ အမြင့်ဆုံးချရမယ်လို့ ပြောထားတာပေါ့နော်။ အရင်တုန်းကဆိုရင် တရားမဝင် ခိုးဝင်တာပဲ ရှိတယ်။ အခုက ညဘက်မှာ မိတယ်ဆိုရင် အမှုက နှစ်မှု သုံးမှု ဖြစ်သွားတာပေါ့။ ရောဂါ ကာကွယ်ထိန်းချုပ်ရေးက တစ်မှု၊ တရားမဝင် ဝင်မှုတမှု၊ အခု ညမထွက်ရအမိန့်ကြောင့် ဖောက်ဖျက်တာ အမှုက သုံးမှု ဖြစ်သွားတာပေါ့”

ကိုဗစ်ရောဂါကူးစက်မှု မြင့်တက်လာတာကြောင့် မြန်မာရွှေ့ပြောင်းလုပ်သားတွေအတွက်တော့ နဂိုကတည်းက ရိုက်ခတ်မှုတွေ ရှိနေသလို၊ ဆောက်လုပ်ရေး လုပ်ငန်းတွေ၊ စားသောက်ဆိုင်တွေမှာ အလုပ်လုပ်နေတဲ့ ရွှေ့ပြောင်းလုပ်သားတွေအတွက်တော့ ပိုပြီး ထိခိုက်မှုတွေ ရှိတယ်လို့ ဦးမင်းဦးက ဆိုပါတယ်။

ကရင်ပြည်နယ် ထိုင်းနယ်စပ် မဲဆောက်မြို့ကိုလည်း ဇူလိုင်လ ၈ ရက်နေ့က ညမထွက်ရ အမိန့်ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံမှာ ဇူလိုင်လ ၉ ရက်နေ့ ကိုဗစ်ရောဂါ ကူးစက်ခံရသူလူနာသစ် ၉ ၂၇၆ ဦးရှိပြီး သေဆုံးသူ ၇၂ ဦးရှိပါတယ်။ သေဆုံးသူ စုစုပေါင်း ၂၅၃၄ ဦး တနိုင်ငံလုံးမှာ ကိုဗစ်အတည်ပြုလူနာ ၃၁၇၅၀၆ ဦး ရှိပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

ဆိုက်တခုလုံးသို့