သတင်းထောက် မောင်မောင်မျိုးကို မြန်မာအာဏာပိုင်တွေက ခြွင်းချက်မရှိ ချက်ချင်း ပြန်လွှတ်ပေးဖို့နဲ့ သတင်းရေးသားတင်ပြနေကြတဲ့ သတင်းထောက်တွေကို ဖမ်းဆီးထောင်ချနေတာတွေ ရပ်ဖို့ သတင်းသမားများ ကာကွယ်စောင့်ရှောက်ရေးကော်မတီ (CPJ) က ဒီကနေ့ တောင်းဆိုလိုက်ပါတယ်။
ပြည်တွင်းသတင်းဌာနတစ်ခုဖြစ်တဲ့ မဲခေါင်သတင်းဋ္ဌာန (MNA) ရဲ့ အလွတ်တန်းသတင်းထောက် မောင်မောင်မျိုးဟာ မြန်မာစစ်တပ်နဲ့ PDF တပ်ဖွဲ့တွေကြား မကြာသေးခင်ကဖြစ်တဲ့ တိုက်ပွဲကို သတင်းသွားယူရင်း မေလ ၁ဝ ရက် ညနေ ၆ နာရီမှာ ဖမ်းဆီးခံခဲ့ရတာဖြစ်တယ်လို့ မဲခေါင်သတင်းဌာန အယ်ဒီတာ ကိုဉာဏ်လင်းထက်ရဲ့ ပြောကြားချက်ကို ကိုးကားပြီး CPJ က ဖော်ပြထားပါတယ်။
ထောင်ချခံခဲ့ရတဲ့ သတင်းထောက် မောင်မောင်မျိုးကို မျိုးမြင့်ဦးလို့လည်း သိကြပါတယ်။ မဲခေါင်သတင်းဌာနကတင်ပြတဲ့ သတင်းတွေကို သူ့ Facebook မှာ ပြန်တင်တာကို အာဏာပိုင်တွေ တွေ့သွားပြီးနောက် ဘားအံမြို့အနီး သံလွင်မြစ်ကူးတံတား စစ်ဆေးရေးဂိတ်မှာ ဖမ်းဆီးခံခဲ့ရတာပါ။
မဲခေါင်သတင်းဌာနဟာဆိုရင် ၂ဝ၂၁ ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီကနေ ပိတ်ပင်ခဲ့တဲ့ သတင်းဌာနတွေထဲမှာ တစ်ခု အပါအဝင်ဖြစ်ပါတယ်။
သတင်းထောက်မောင်မောင်မျိုးကို စဖမ်းကတည်းက ဘားအံထောင်မှာ ထိန်းသိမ်းထားခဲ့တာဖြစ်ပြီး၊ သူ့ကို အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၂ (က) နဲ့ တရားစွဲဆိုထားတာကြောင့် အပြစ်ရှိတယ်လို့ ဆုံးဖြတ်ခဲ့ရင် အမြင့်ဆုံးထောင်ဒဏ် ၇ နှစ်အထိ ကျခံရနိုင်ပါတယ်။
သတင်းထောက်မောင်မောင်မျိုးကို ပြန်လွှတ်ပေးပြီး သူ့အပေါ် စွဲချက်တွေအားလုံးကို ရုပ်သိမ်းပေးဖို့ တောင်းဆိုကြောင်း - CPJ ရဲ့ အရှေ့တောင်အာရှအကြီးတန်းကိုယ်စားလှယ် Shawn Crispin က တောင်းဆိုထားပါတယ်။ သတင်းသမားတွေလို သူတို့အလုပ် သူတို့လုပ်နေကြတဲ့ သတင်းထောက်တွေအပေါ် ပြင်းထန်တဲ့ အကြမ်းဖက်မှုနဲ့ဆက်နွယ်တဲ့ စွဲချက်တွေနဲ့ အရေးယူနေတာတွေကို ရပ်ပစ်ရမယ်လို့လည်း Shawn Crispin က ပြောဆိုထားပါတယ်။
၂ဝ၂ဝ ဇွန်လကတည်းက မောင်မောင်မျိုးဟာ မဲခေါင်သတင်းဌာနမှာ အလွတ်သတင်းထောက်အဖြစ် စတင်လုပ်ကိုင်ခဲ့ပြီး၊ မြန်မာစစ်တပ်နဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေအကြား ဖြစ်ပွားတဲ့ တိုက်ပွဲတွေ၊ စစ်အာဏာသိမ်းမှုဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ၊ မြန်မာပြည်တွင်းက ကိုဗစ်ကပ်ရောဂါအခြေအနေတွေအပါအဝင် နိုင်ငံရေးနဲ့ဆိုင်တဲ့ အကြောင်းအရာမျိုးစုံကို ရေးသားခဲ့သူပါ။
RFA က သီးသန့်ကောက်ယူထားတဲ့ အချက်အလက်အရ စစ်တပ်က အာဏာသိမ်းထားတဲ့ တစ်နှစ်ကျော် ကာလအတွင်း မြန်မာတစ်နိုင်ငံလုံးမှာ သတင်းသမား ၁၄၃ ဦးထက်မနည်း ဖမ်းဆီးခံခဲ့ရပြီး၊ အနည်းဆုံး ၃ ဦး သေဆုံးခဲ့ပါတယ်။