မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေနေဲ့ စစ်ဘေးရှောင်ပြည်သူတွေကို အကူအညီပေးရေး ကိစ္စတွေနဲ့ပတ်သက်ပြီး ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်နဲ့ ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Dr. Noeleen Heyzer တို့ မေလ ၃ ရက်နေ့မှာ ဗီဒီယိုကွန်ဖရင့်က တဆင့် တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ CRPH က သတင်းထုတ်ပြန်ပါတယ်။
ဒီတွေ့ဆုံပွဲမှာ မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပွားနေတဲ့ ပဋိပက္ခတွေ၊ အကြမ်းဖက်မှုတွေ ရပ်တန့်ပြီး အရပ်သားအစိုးရ အုပ်ချုပ်မှုဆီ ပြန်လည်ရောက်ရှိရေး၊ စစ်ဘေးရှောင်ပြည်သူတွေကို ကျန်းမာရေးစောင့်ရှောက်မှုအပါအဝင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီတွေ ပေးအပ်နိုင်ရေး၊နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး၊ ဒေသတွင်းနဲ့ နိုင်ငံတကာက ကူညီဆောင်ရွက်ပေးသင့်သည့် ကိစ္စရပ်တွေကို ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။
ဒီတွေ့ဆုံပွဲကို CRPH အတွင်းရေးမှူး အဖွဲ့ဝင်တွေဖြစ်တဲ့ ဒေါ်ဖြူဖြူသင်း နဲ့ မိုင်းလမင်းထွန်း၊ ဥပဒေရေးရာကော်မတီ ဥက္ကဋ္ဌ၊ ပြည်သူ့ရေးရာကော်မတီဥက္ကဋ္ဌ ဒေါက်တာခင်စိုးစိုးကြည်၊ ဖက်ဒရယ်ရေးရာကော်မတီ ဥက္ကဋ္ဌ ဦးလမာနော်အောင်နဲ့ နိုင်ငံတကာဆက်ဆံရေးကော်မတီ ဥက္ကဋ္ဌ ဒေါ်မြတ်သီတာထွန်းတို့ တက်ရောက်ခဲ့ကြပါတယ်။