ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ အစည်းအဝေး၊ကျင်းပ
2011.01.07
ပြည်သူ့လွှတ်တော် ကိုယ်စားပြု ကော်မတီကို ၁၉၉၈ ခုနှစ် စက်တင်ဘာ ၁၆ရက်နေ့တွင် ဖွဲ့စည်းလိုက်သည့် မှတ်တမ်းဓာတ်ပုံ ဖြစ်ပါသည်။ (ရှေ့တန်း၊ ဝဲမှယာ) ဦးလွင်၊ ဦးအေးသာအောင်၊ ဦးအောင်ရွှေ၊ ဦးသန်းထွန်း၊ ဦးတင်ဦး၊ (နောက်တန်း၊ ဝဲမှယာ) ဦးလှဖေ၊ ဦးစိုးမြင့်၊ ဦးလွန်းတင်၊ ဦးညွန့်ဝေ၊ ဒေါ်အောင်ဆန်းစုကြည်။ (Photo:Courtesy of NCGUB)
“ပြီးခဲ့တဲ့ အစည်းအဝေးရဲ့ ဆုံးဖြတ်ချက်တွေထဲက အကောင်အထည်ဖော်နိုင်တဲ့ ဂီရိမုန်တိုင်းသင့်ဒေသကို ကျွန်တော်ကိုယ်တိုင် ဦးဆောင်ပြီးတော့ NLD အဖွဲ့ဝင်တွေ၊ တသီးပုဂ္ဂလကိုယ်စားလှယ် အဲဒီလူတွေနဲ့ သွားခဲ့တဲ့ ခရီးစဉ်ကို ကျွန်တော် ရှင်းပြပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က ဆွေးနွေးတဲ့အခါမှာ ဒီခရီးစဉ်ကို အောင်မြင်တဲ့ ခရီးစဉ်တခု ဆိုတာလည်း သူသုံးသပ်လို့ ရတယ် ဆိုတဲ့အကြောင်း၊ နောက် အဓိကကတော့ ပြည်ထောင်စုနေ့ကို ဘယ်လိုကျင်းပမယ်၊ ပြည်ထောင်စုနဲ့ ပတ်သက်တဲ့ ပြည်ထောင်စု စိတ်ဓာတ်လိုဟာမျိုးကို စာတမ်းလေးတစောင် ထွက်ဖို့ပေါ့၊ အဲဒါတွေကိုလည်း ဆွေးနွေးဖြစ်ပါတယ်။”
ပြီးခဲ့တဲ့ ဂီရီမုန်တိုင်း ကယ်ဆယ်ရေးအတွက် ရခိုင်ပြည်ကို သွားရောက်ခဲ့တဲ့ ရခိုင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (ALD) ခေါင်းဆောင် ဦးအေးသာအောင်က လုပ်ဆောင်ခဲ့တဲ့ အခြေအနေတွေကို CRPP ကို ပြန်လည် အစီရင်ခံခဲ့ပါတယ်။ ဒါ့အပြင် မုန်တိုင်းကယ်ဆယ်ရေးအတွက် နိုင်ငံတကာ အကူအညီရရှိရေး ကိစ္စတွေကိုလည်း ဆွေးနွေးခဲ့ပါတယ်။
လာမဲ့ ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှာ ကျရောက်မဲ့ ပြည်ထောင်စုနေ့ မတိုင်မီ ပြည်ထောင်စုစိတ်ဓာတ်နဲ့ ပတ်သက်တဲ့ စာတမ်းတစောင်အတွက်လည်း ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။
CRPP ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီကို ၁၉၉၈ ခုနှစ်က စတင်ဖွဲ့စည်းခဲ့ပြီး ၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရ နိုင်ငံရေးပါတီ ၁၁ ပါတီက ကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။
စီအာပီပီ အတွင်းရေးမှူး ဦးအေးသာအောင်နဲ့ RFA မှ ဦးဇော်မိုးကျော်က ဆက်သွယ် မေးမြန်းထားပါတယ်။
| ဆက်သွယ်မေးမြန်းချက် |
|
| အသံဖိုင်ယူရန် |









