ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲမှာ မြန်မာနိုင်ငံအတွက် မီဒီယာထုတ်လွှင့်ခွင့်တွေကို စစ်တပ်ပိုင် ဆက်သွယ်ရေး ကုမ္ပဏီ ဖြစ်တဲ့ Mytel ကို ပေးအပ်ခဲ့တဲ့ FIFA ရဲ့ ဆုံးဖြတ်ချက်အပေါ် ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချ တယ်လို့ Justice For Myanmar (JFM) အဖွဲ့က ဇွန်လ ၁၂ ရက်နေ့က ထုတ်ပြန်လိုက်ပါတယ်။
Mytel ဟာ စစ်တပ်ပိုင် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) ရဲ့ ထိန်းချုပ်မှုအောက်မှာရှိတဲ့ ကုမ္ပဏီဖြစ်ပြီး စစ်တပ်ခန့်အစိုးရအတွက် ဝင်ငွေအများဆုံးရရှိစေတဲ့ လုပ်ငန်းတွေထဲက တစ်ခုဖြစ်တယ်လို့ JFM က ပြောပါတယ်။
JFM ရဲ့ လေ့လာချက်တွေအရ စစ်တပ်ရဲ့ Mytel ရှယ်ယာပိုင်ဆိုင်မှုကနေ ရရှိနိုင်တဲ့ အကျိုးအမြတ်ဟာ လုပ်ငန်းစတင်လည်ပတ်တဲ့ ငါးနှစ်မြောက်ကနေ ကိုးနှစ်မြောက်အထိ အမေရိကန်ဒေါ်လာ သန်း ၂၇၀ လောက်ရှိနိုင်ပြီး၊ အဲဒီနောက် ငါးနှစ်အတွင်းမှာလည်း နောက်ထပ် အမေရိကန်ဒေါ်လာ သန်း ၄၅၀ အထိ ရနိုင်တယ်လို့ ဆိုပါတယ်။
Mytel ဟာ စစ်အုပ်စုအတွက် ငွေကြေးပံ့ပိုးမှုတွေအပြင် ပြည်သူတွေကို စောင့်ကြည့်ထောက်လှမ်းတဲ့
လုပ်ငန်းတွေမှာပါ ကူညီပေးနေတဲ့အတွက် စစ်ရာဇဝတ်မှုတွေနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ ဆက်ပြီးကျူးလွန်နိုင်ဖို့ အထောက်အကူဖြစ်နေတယ်လို့ JFM က စွပ်စွဲထားပါတယ်။
ဒါကြောင့် Mytel ကို အမေရိကန် ကုန်သွယ်ရေးဝန်ကြီးဌာနက ပို့ကုန်ကန့်သတ်အရေးယူမှု ချမှတ်ထားပြီး MEC ကိုလည်း အမေရိကန်၊ ဗြိတိန်၊ ဥရောပသမဂ္ဂ၊ ကနေဒါနဲ့ ဩစတြေးလျနိုင်ငံတွေက ဒဏ်ခတ်ပိတ်ဆို့ထားပါတယ်။
FIFA အနေနဲ့ ဒီအချက်တွေကို သိသိကြီးနဲ့ Mytel ကို ရုပ်မြင်သံကြား၊ ရေဒီယို၊ မိုဘိုင်းနဲ့ အင်တာနက်ကနေ ကမ္ဘာ့ဖလားပွဲတွေ တိုက်ရိုက်ထုတ်လွှင့်ခွင့် အပါအဝင် မီဒီယာမူပိုင်ခွင့်အားလုံးကို တစ်ဦးတည်း ပေးလိုက်တာ ဟာ FIFA ရဲ့ လူ့အခွင့်အရေးဆိုင်ရာ ကြိုတင်စိစစ်မှုမရှိတာနဲ့ လူ့အခွင့်အရေးကို အလေးမထားတာကို ပြသလိုက်တာဖြစ်တယ်လို့ JFM ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က RFA ကို ပြောပါတယ်။
“Mytel ဟာ ပြည်သူတွေကို ခြေရာခံထောက်လှမ်းဖို့ အသုံးပြုနေတဲ့ ထောက်လှမ်းရေးကွန်ရက်ကို ပိုင်ဆိုင်ထားတဲ့ ကုမ္ပဏီဖြစ်ပါတယ်။ အဲဒီလို ကုမ္ပဏီကို အွန်လိုင်းနဲ့ မိုဘိုင်းဝန်ဆောင်မှုတွေ အပါအဝင် ငွေကြေးအများအပြား စီးဝင်လာနိုင်တဲ့ အခွင့်အရေးတွေ ပေးလိုက်တာဟာ ရှိပြီးသား ဒဏ်ခတ်ပိတ်ဆို့မှုတွေရဲ့ ရည်ရွယ်ချက်ကိုတောင် ထိခိုက်စေပါတယ်”
JFM က FIFA ဟာ အရင်ကလည်း စစ်တပ်နဲ့ နီးစပ်သူလို့ ဝေဖန်ခံရတဲ့ Max Myanmar ကုမ္ပဏီပိုင်ရှင် ဦးဇော်ဇော်ကို FIFA Foundation ရဲ့ လူမှုအကျိုးပြုလုပ်ငန်းကော်မတီ ဥက္ကဋ္ဌအဖြစ် ခန့်အပ်ခဲ့ဖူးကြောင်း ထောက်ပြထားပါတယ်။
တစ်ဆက်ထဲမှာပဲ Facebook ရဲ့ မိခင်ကုမ္ပဏီဖြစ်တဲ့ Meta က Mytel ပိုင် TV360 စာမျက်နှာကို JFM က ကန့်ကွက် ရှုတ်ချလိုက်တဲ့ ဇွန်လ ၁၂ နေ့မှာပဲ Facebook ကနေ ဖယ်ရှားခဲဲ့တယ်လို့လည်း သိရပါတယ်။
Mytel ပိုင် TV360 Facebook စာမျက်နှာဟာ ကမ္ဘာ့ဖလားပြိုင်ပွဲ ထုတ်လွှင့်မှုနဲ့ ကြော်ငြာလုပ်ငန်းတွေအတွက် အသုံးပြုနေတာဖြစ်ပြီး၊ Justice For Myanmar (JFM) က မြန်မာစစ်တပ်နဲ့ ဆက်နွှယ်နေတဲ့ လုပ်ငန်းတွေကို အသုံးပြုခွင့်မပေးတဲ့ မူဝါဒအရ Facebook ထံ တိုင်ကြားခဲ့တာဖြစ်တယ်လို့ JFM ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က ပြောပါတယ်။
ဒီကိစ္စနဲ့ပတ်သက်လို့ Mytel ဘက်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေဆိုခြင်း မရှိပါဘူး။
FIFA အနေနဲ့ မြန်မာစစ်အုပ်စုနဲ့ ဆက်နွှယ်နေတဲ့ လုပ်ငန်းတွေ၊ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆက်ဆံနေ တာတွေကို ရပ်တန့်ပြီး သူတို့ကိုယ်တိုင် ထုတ်ပြန်ထားတဲ့ လူ့အခွင့်အရေးဆိုင်ရာ ကတိကဝတ်တွေနဲ့ နိုင်ငံတကာတာဝန်ဝတ္တရားတွေကို လက်တွေ့လိုက်နာဖို့ လိုတယ်လို့ JFM က တိုက်တွန်းထားပါတယ်။
