၂၀၂၅ ခုနှစ် တပ်သားသစ်စုဆောင်းမှု အာဏာသိမ်းမတိုင်မီကထက် ခြောက်ဆမြင့်တက်

၂၀၁၇ ခုနှစ်နောက်ပိုင်း ပျမ်းမျှ တပ်သားသစ် ၁၀,၀၀၀ ဝန်းကျင်သာရှိခဲ့ရာက စစ်မှုထမ်းဥပဒေ ပြဌာန်းအပြီး ၂၀၂၅ တစ်နှစ်ထဲမှာ ၆၀၀၀၀ အထိ ရှိခဲ့။

အာဏာသိမ်းစစ်တပ်က ပြည်သူ့စစ်မှုထမ်းဥပဒေကို အသက်သွင်းပြီးနောက် ၂၀၂၅ ခုနှစ်အတွင်း တပ်သားသစ် ၆၀,၀၀၀ ကျော် စုဆောင်းနိုင်ခဲ့ပြီး အဲဒီအရေအတွက်ဟာ အာဏာသိမ်းမှုမတိုင်မီ ၂၀၂၀ ခုနှစ်က စုဆောင်း ရရှိခဲ့တဲ့ အင်အားထက် ခြောက်ဆခန့် ပိုများလာတယ်လို့ စစ်ဘက်နဲ့ လုံခြုံရေးရာသုတေသနအဖွဲ့ (MDSI) က ဇွန်လ ၁၂ နေ့က ထုတ်ပြန်လိုက်ပါတယ်။

စစ်တပ်ဟာ ပြည်သူ့စစ်မှုထမ်းဥပဒေကို ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလမှာ အသက်သွင်းခဲ့ပြီးနောက် စစ်မှုထမ်း သင်တန်း အမှတ်စဉ် ၂၅ ခု ဖွင့်လှစ်ခဲ့ပြီး အမှတ်စဉ် ၂၃ အထိ သင်တန်းဆင်းပေးထားပြီး ဖြစ်တယ်လို့ ဆိုပါတယ်။

စစ်တပ်ရဲ့ လူသစ်စုဆောင်းရရှိမှုအခြေအနေကို လေ့လာထားတဲ့ MDSIရဲ့ မှတ်တမ်းတွေအရ ၁၉၉၅ ခုနှစ်ကနေ ၂၀၀၀ ခုနှစ်အတွင်း နှစ်စဉ် တပ်သားသစ် ၃၀,၀၀၀ ခန့် စုဆောင်းနိုင်ခဲ့ပြီး ၂၀၀၅ ခုနှစ်ကနေ ၂၀၁၀ ခုနှစ်အတွင်းမှာတော့ နှစ်စဉ် ပျမ်းမျှ ၂၅,၀၀၀ ဝန်းကျင် ရရှိခဲ့တယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ ၂၀၁၀ နောက်ပိုင်း ဦးသိန်းစိန်အစိုးရ နိုင်ငံရေးနဲ့ စီးပွားရေးအခြေအနေ ပြောင်းလဲလာချိန်မှာ စစ်တပ်အတွင်း ဝင်ရောက်လိုသူ လျော့နည်းလာခဲ့ပြီး နှစ်စဉ် လူသစ်စုဆောင်းရရှိမှုဟာ ၁၅,၀၀၀ အောက်အထိ ကျဆင်းသွားခဲ့တယ်လို့ စစ်ရေးလေ့လာသူတွေက ပြောပါတယ်။

တစ်ဖက်မှာလည်း တပ်ပြေး၊ ထုတ်ပယ်ခံရသူ၊ ထွက်ခွင့်ယူသူ၊ ကျဆုံးသူနဲ့ သေဆုံးသူတွေ အပါအဝင် နှစ်စဉ် ပြုန်းတီးအင်အား ပျမ်းမျှ ၁၂,၀၀၀ ကျော် ရှိခဲ့တာကြောင့် ၂၀၁၅ နောက်ပိုင်း ပြုန်းတီးအင်အားက စုဆောင်းရရှိတဲ့ အင်အားထက် ပိုများလာတဲ့ အခြေအနေအထိ ရောက်ရှိခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီလို လူအင်အားပြဿနာ ကြုံတွေ့လာရတာကြောင့် စစ်တပ်ဟာ ၂၀၁၁ နောက်ပိုင်းမှာ လူသစ်စုဆောင်းရေး ဖိအားတွေကို အောက်ခြေတပ်ရင်းတွေဆီ ပိုမိုပေးလာခဲ့ပေမဲ့ ၂၀၁၇ နောက်ပိုင်းမှာတော့ နှစ်စဉ် စုဆောင်းရရှိမှုဟာ ၁၀,၀၀၀ ဝန်းကျင်ခန့်သာ ကျန်ရှိခဲ့တယ်လို့ စစ်တပ်ရဲ့ လူသစ်စုဆောင်းရရှိမှုအခြေအနေကို လေ့လာထားတဲ့ MDSIရဲ့ မှတ်တမ်းတွေမှာ ဖော်ပြထားပါတယ်။

ပြည်သူ့စစ်မှုထမ်းဥပဒေ အသက်သွင်းပြီးနောက်မှာ လစဉ် ပျမ်းမျှ စစ်မှုထမ်းတပ်သား ၄,၇၀၀ ခန့်နဲ့ အခြေခံတပ်သားသစ် ၄၀၀ ဝန်းကျင် စုဆောင်းနိုင်ခဲ့ပြီး ၂၀၂၅ ခုနှစ်အတွင်း စုစုပေါင်း ၆၀,၀၀၀ ကျော် ရရှိခဲ့တာ ဖြစ်ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လူ့အခွင့်အရေးဝန်ကြီးဌာနရဲ့ စာရင်းတွေအရ ၂၀၂၅ ခုနှစ် မေလကနေ ၂၀၂၆ ခုနှစ် မေလ ၃၁ ရက်နေ့အထိ စစ်သားစုဆောင်းခံရတဲ့ လူငယ် ၃၂,၉၇၄ ဦး ရှိပြီး အဲဒီအထဲမှာ အဓမ္မဖမ်းဆီးခံရပြီး စစ်တပ်ထဲ ပို့ဆောင်ခံရတဲ့ ဖြစ်ရပ် ၁,၉၁၃ ခု ရှိတယ်လို့ ဖော်ပြထားပါတယ်။

စစ်ဘက်နဲ့ လုံခြုံရေးရာသုတေသနအဖွဲ့ (MDSI) ရဲ့ သုတေသနတာဝန်ခံ CDM ဗိုလ်မှူးနောင်ရိုးကတော့ စစ်တပ်ဟာ လက်ရှိမှာ စစ်မှုထမ်းတပ်သားတွေကို အဓိကအားထားပြီး တန်ပြန်စစ်ဆင်ရေးတွေ ဖော်ဆောင်နေတယ်လို့ RFA ကို ပြောပါတယ်။