ဒဂုံတက္ကသိုလ်ကျောင်းသား ကိုထူးဝေလွင် ထောင် ၁၀ နှစ် ထပ်ချခံရ

2022.09.16
ဒဂုံတက္ကသိုလ်ကျောင်းသား ကိုထူးဝေလွင် ထောင် ၁၀ နှစ် ထပ်ချခံရ ဒဂုံတက္ကသိုလ် စိတ်ပညာအထူးပြု ဒုတိယနှစ်ကျောင်းသား ကိုထူးဝေလွင်အား တွေ့ရစဉ်
Photo: Future The Dagon

ဒဂုံတက္ကသိုလ် စိတ်ပညာအထူးပြု ဒုတိယနှစ်ကျောင်းသား ကိုထူးဝေလွင်ကို စက်တင်ဘာ လ ၁၆ ရက် ဒီနေ့မနက် ၁၀ နာရီမှာ အင်းစိန်ထောင်တွင်း တရားရုံးကနေ ထောင်ဒဏ် ၁၀ နှစ် ချမှတ်လိုက်တယ်လို့ ဒဂုံတက္ကသိုလ်ကျောင်းသားများနဲ့ ဖွဲ့စည်းထားတဲ့ Future The Dagon က ထုတ်ပြန်ပါတယ်။

အသက် ၂၀ ကျော်အရွယ် ကိုထူးဝေလွင်ဟာ စစ်ကောင်စီ ဖမ်းဆီးခံရပြီး တစ်နှစ်အကြာ ပြီးခဲ့တဲ့ ဩဂုတ်လက ထောင်ဒဏ် သုံးနှစ် ချမှတ်ခံထားရပြီး စက်တင်ဘာ ၁၆ ရက် ဒီနေ့မှာ နောက်ထပ် ထောင် ၁၀ နှစ် ထပ်ချခံရတာလို့ ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂက အမည်မဖော်လိုသူ တစ်ဦးက ပြောပါတယ်။

"ဒီနေ့ ကိုထူးကို ထောင်ဒဏ် ၁၀ နှစ် ချလိုက်တယ်လို့ အသိုင်းအဝိုင်းတွေကတစ်ဆင့် ကြားရတယ်။ ဘာပုဒ်မတွေလဲဆိုတာ ကျနော်တို့ သေချာမသိသေးပါဘူး။ စွဲထားတာ နှစ်မှုဖြစ်တယ်။ သုံးနှစ် အရင်ချတယ်။ ပြီးတော့ ၁၀ နှစ် ထပ်ချတယ်။ စုစုပေါင်း ၁၃ နှစ် ချတာပေါ့"

ကိုထူးဝေလွင်ဟာ သာကေတမြို့နယ်အတွင်းက နေအိမ်တစ်လုံးမှာ တိမ်းရှောင်နေစဉ် ၂၀၂၁ ခုနှစ် ဇွန်လ ၅ နေ့ ဖမ်းဆီးခံခဲ့ရတာပါ။

အာဏာသိမ်း ၁၉ လအတွင်း နိုင်ငံတစ်ဝန်းမှာ ပြည်သူ ၁၂,၄၀၆ ဦး ဖမ်းဆီးချုပ်နှောင်ခံ ထားရပြီး ထောင်ဒဏ်တွေချမှတ်ခံထားရသူက ၁,၄၇၂ ဦးအထိ ရှိနေတယ်လို့ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ စက်တင်ဘာလ ၁၅ ရက် မနေ့က ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။