ကယားပြည်နယ်၊ ဘောလခဲမြို့နယ်၊ ပွန်ချောင်းအနီးမှာ ရွှေတောင်ကုမ္ပဏီက ရေကာတာ တည်ဆောက်ဖို့ စမ်းသပ်ပြင်ဆင်တာတွေကို ရပ်ဆိုင်းပေးဖို့ ကရင်နီပြည်လူငယ်များသမဂ္ဂအပါအဝင် လူမှုအဖွဲ့အစည်း ၉ ဖွဲ့က ဒီကနေ့ တောင်းဆိုလိုက်ပါတယ်။
စမ်းသပ်လုပ်ကိုင်နေတာ ၃ လလောက်ရှိနေတာဖြစ်ပြီး ကုမ္ပဏီဘက်က ဒေသခံတွေကို ရှင်းလင်း ပြောကြားတာမျိုး မရှိဘူးလို့ ကရင်နီပြည်လူငယ်များသမဂ္ဂအဖွဲ့ဝင် ခွန်းဘိုဘို က ပြောပါတယ်။
"သူတို့လုပ်နေတာ ၂ လ ၃ လ လောက်ရှိပြီ၊ စမ်းသပ်နေတာ၊ ဒါပေမဲ့ ဒေသခံတွေကို လုံးဝလည်း မချပြပေးဘူးပေါ့နော်၊ အခြေအနေက ဒေသခံတွေက မလိုလားကြဘူးပေါ့နော်၊ စိုးရိမ်မှုတွေ အများကြီးရှိတယ်၊ ကျွန်တော်တို့က စားစရာရှိတာဆိုလို့ ဒီချောင်းနံဘေးမှာလောက်ပဲရှိတယ်၊ သူတို့က ဒီလိုလုပ်လိုက်ရင် မကောင်းဘူးပေါ့ ဘာညာပြောတယ်ပေါ့၊ ဒါကြောင့် ကျနော်တို့ ဒီစာကို ထုတ်ရခြင်းဖြစ်တယ်"
ဒေသခံတွေဟာ ဒီရေကာတာ တည်ဆောက်မယ့် ပွန်ချောင်းအနီးမှာ နှမ်းစိုက်ပျိုးရေးကို အဓိက လုပ်ကိုင်ကြ တာဖြစ်ပါတယ်။
ဒီစီမံကိန်းကို ကရင်နီအမျိုးသား တိုးတက်ရေးပါတီရဲ့ ခွင့်ပြုချက်နဲ့ ရွှေတောင်ကုမ္ပဏီက အကောင်အထည်ဖော်နေ တာဖြစ်တယ်လို့လည်း ခွန်းဘိုဘို က ပြောပါတယ်။
ဒီဒေသဟာ ကယားပြည်နယ်ရဲ့ သမိုင်းဝင် စော်ဘွားတွေ၊ ဟော်နန်းတည်ရှိရာနေရာဖြစ်တဲ့အပြင် ရေကာတာ တည်ဆောက်မယ်ဆိုရင် ဂေဟစနစ်နဲ့ စိမ့်စမ်းတွေ ပျောက်ကွယ်သွားနိုင်ပြီး စိုက်ပျိုးမြေတွေလည်း ဆုံးရှုံးသွားနိုင် တယ်လို့ အရပ်ဘက်အဖွဲ့ ၉ ဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
ဒါ့အပြင် ပွန်ချောင်းဟာ နှစ်စဉ် ဘောလခဲမြို့ပေါ်အထိ ရေကြီးလေ့ရှိတာကြောင့် အခုရေကာတာ တည်ဆောက် မှာကို ဒေသခံတွေက စိုးရိမ်နေကြတာလည်းဖြစ်ပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး ရပ်ဆိုင်းပေးဖို့အတွက် ဒေသခံတွေက နိုင်ငံတော်သမ္မတနဲ့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်တို့ထံလည်း စာတင်ပြတောင်းဆိုထားပါတယ်။