အခုနှစ် ဇန်နဝါရီလကနေ မိုးကြိုကာလဖြစ်တဲ့ မေလ ၂၀ ရက်ထိ ငါးလနီးပါး ကာလအတွင်း တစ်ပြည်လုံးမှာ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားသူ ၁၅၁၆ ဦးရှိခဲ့ပြီး သေဆုံးသူ နှစ်ဦး ရှိခဲ့တယ်လို့ စစ်ကောင်စီရဲ့ ကျန်းမာရေးဝန်ကြီးဌာနက မေလ ၂၃ ရက်က ထုတ်ပြန်ပါတယ်။
ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်းနဲ့ မွန်ပြည်နယ်တွေမှာ ဖြစ်ပွားမှုများပြားနေပြီး နှစ်စဉ် ရောဂါဖြစ်ပွားမှု သုံးသပ်ချက် တွေအရလည်း ဒီနှစ်ဟာ ရောဂါဖြစ်ပွားမှု ထူးကဲစွာ များပြားတဲ့ (Outbreak) အသွင်ဖြစ်ပွားနိုင်ခြေများတယ်လို့ မေလ ၂၃ ရက်က နေပြည်တော်မှာ ပြုလုပ်တဲ့ အစည်းအဝေးတစ်ခုမှာ စစ်ကောင်စီရဲ့ ကျန်းမာရေးဝန်ကြီး ဒေါက်တာ သက်ခိုင်ဝင်းက ပြောပါတယ်။
လက်ရှိမှာ ခြင်ပေါက်ဖွားမှုများပြားတဲ့ မိုးရာသီကိုရောက်လာပြီး သွေးလွန်တုပ်ကွေး အန္တရာယ်ကို ပိုသတိထားရမယ်လို့ ရန်ကုန်မြို့က ဆရာဝန်တစ်ဦးက RFA ကို ပြောပါတယ်။
“အခုက မိုးရာသီရောက်ပြီ။ အဓိကခြင်မကိုက်ဖို့ပါပဲ။ ကျောင်းဖွင့်ရင်တော့ ကလေးတွေ ကျောင်းသွားရင် တစ်ယောက်ဖြစ်ရင် သူက ကူးနိုင်တာကိုး။ Outbreak ဖြစ်တာ၊ ပြန့်တာ၊ ပွားတာတွေကတော့ အဓိက ကျောင်းတွေမှာ ဖြစ်တာဆိုတော့။ သတိထားစောင့်ကြည့်ရမယ်”
လက်ရှိ တိုင်းပြည်အခြေအနေကြောင့် စစ်ကောင်စီရဲ့ ကျန်းမာရေးဝန်ကြီးဌာနမှာလည်း ဝန်ထမ်းအင်အား မလုံလောက်တဲ့ ပြဿနာတွေရှိနေပြီး ကာကွယ်ထိန်းချုပ်တဲ့ လုပ်ငန်းတွေကို ဖိဖိစီးစီးလုပ်နိုင်၊ မလုပ်နိုင်လည်း ဆက်လက်စောင့်ကြည့်ဖို့ လိုတယ်လို့ သူက ဆိုပါတယ်။
ကျောင်းဖွင့်ရာသီရောက်တဲ့အခါ ကျောင်းအခြေပြု ကာကွယ်ဆေးထိုးလုပ်ငန်းတွေ လုပ်ဆောင်တာနဲ့ ကျောင်းကျန်းမာရေးလုပ်ငန်းစဉ်မှာ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေး လုပ်ငန်းတွေကို တစ်ပါတည်းဆောင်ရွက်မယ်လို့ စစ်ကောင်စီရဲ့ ကျန်းမာရေးဝန်ကြီးဌာနက ပြောဆိုထားပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် တစ်နှစ်လုံးမှာတော့ သွေးလွန်တုပ်ကွေးဖြစ်ပွားသူ ၅၄၆၆ ဦးရှိခဲ့ပြီး ၃၆ ဦး သေဆုံးခဲ့တယ်လို့ စစ်ကောင်စီရဲ့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။