ဒေါ်အောင်ဆန်းစုကြည်ရဲ့ အဂတိအမှုလေးခု နေပြည်တော်မှာ ပြောင်းစစ်မည်

2021.09.17
ဒေါ်အောင်ဆန်းစုကြည်ရဲ့ အဂတိအမှုလေးခု နေပြည်တော်မှာ ပြောင်းစစ်မည် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကို ဘန်ကောက်မှာ ၂၀၁၉ ခုနှစ်က တွေ့ရစဥ်
AFP Photo

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို စွဲထားတဲ့အမှုတွေထဲက မန္တလေးတိုင်း တရား လွှတ်တော်မှာ စွဲဆိုထားတဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ အမှု လေးမှုကို နေပြည်တော်က အထူးတရားရုံးမှာ ပြောင်းရွှေ့စစ်ဆေးမယ်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေအဖွဲ့ဝင် ဦးခင်မောင်ဇော် က RFA ကို ပြောပါတယ်။

အောက်တိုဘာ ၁ ရက်နေ့ကစပြီး နှစ်ပတ်တစ်ခါ သောကြာနေ့တိုင်း နေပြည်တော်ခြံအမှတ် (၁) က အထူး တရားရုံးမှာ စစ်ဆေးမှာဖြစ်တယ်လို့ ရှေ့နေဦးခင်မောင်ဇော် က ပြောပါတယ်။

မန္တလေးတိုင်း တရားလွှတ်တော်ရဲ့ တရားသူကြီးတစ်ဦး လာရောက်စစ်ဆေးမှာဖြစ်ပြီး ရန်ကုန်မြို့မှာ စွဲဆို ထားတဲ့ အဂတိအမှုတစ်ခုကတော့ နေပြည်တော်ကို ရောက်မလာသေးဘူးလို့ ဦးခင်မောင်ဇော် က ဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို စွဲဆိုထားတဲ့အမှုတွေထဲမှာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းဆီက အမေရိကန်ဒေါ်လာ ခြောက်သိန်းနဲ့ အခေါက်ရွှေ ခုနှစ်ပိဿာ လက်ခံခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်အပါအဝင် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းနဲ့ ပတ်သက်ပြီး စွပ်စွဲထားတဲ့ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပုဒ်ပ ၅၅ နဲ့ အမှု ငါးမှုပါဝင်ပြီး လက်ရှိလေးမှုကတော့ နေပြည်တော်ကို ပြောင်းရွှေ့စစ်ဆေးတာဖြစ်ပါတယ်။

အလားတူပဲ ရန်ကုန်မြို့မှာ တရားစွဲထားတဲ့ မြန်မာနိုင်ငံလျှို့ဝှက်အက်ဥပဒေ ပုဒ်မ ၃ (၁) (ဂ) အမှုကိုလည်း နေပြည်တော်ကိုပဲ ပြောင်းရွှေ့ပြီးပေါင်းစစ်မှာ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက နှစ်ရှည်ထောင်ဒဏ်တွေချမှတ်နိုင်တဲ့ ပုဒ်မတွေဖြစ်တဲ့ မြန်မာနိုင်ငံ လျှို့ဝှက်အက်ဥပဒေ ပုဒ်မ ၃ (၁) (ဂ)၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ အပါအဝင် အမှု စုစုပေါင်း ၁၁ မှုနဲ့ အရေးယူထားပါတယ်။

အဲဒီအမှု ၁၁ မှုလုံးကို စစ်ကောင်စီက အမြင့်ဆုံးပြစ်ဒဏ်တွေချခဲ့မယ်ဆိုရင် စုစုပေါင်းထောင်ဒဏ် နှစ်ပေါင်း ၁၀၀ ကျော် ကျခံရနိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။