ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ခွင့်ရဖို့ တရုတ်ကြိုးပမ်းမှုကို ကျေးဇူးတင်ကြောင်း NLD ထုတ်ပြန်

RFA Burmese
2024.06.20
ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ခွင့်ရဖို့ တရုတ်ကြိုးပမ်းမှုကို ကျေးဇူးတင်ကြောင်း NLD ထုတ်ပြန် ဒေါ်အောင်ဆန်းစုကြည်ကို ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက်နေ့က နေပြည်တော်မှာ တွေ့ရစဉ်။
THAR BYAW / MYANMAR STATE COUNSELLOR OFFICE / AFP

စစ်ကောင်စီက ဖမ်းဆီးအကျဉ်းချထားတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်ရဖို့ တရုတ်အစိုးရရဲ့ ကြိုးပမ်းမှုတွေကို ကျေးဇူးတင်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီက ဇွန်လ ၁၉ ရက်မှာ ထုတ်ပြန်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၉ နှစ်ပြည့်မွေးနေ့အတွက် NLD ဗဟိုအလုပ်ကော်မတီက ထုတ်ပြန်တဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားတာပါ။

တရုတ်နိုင်ငံဟာ NLD အပေါ် အသိအမှတ်ပြု အလေးထားဆက်ဆံတာ၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးကို အလေးအနက်ထားပြီး ကောင်းမွန်စွာထားရှိဖို့နဲ့ တွေ့ဆုံခွင့်ရရှိဖို့ စဉ်ဆက်မပြတ် ကြိုးပမ်းအားထုတ်နေတယ်လို့ NLD ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာ အထူးကိုယ်စားလှယ် မစ္စတာ တိန့်ရှီးကျွင်းဟာ ဇွန်လ ၁၈ ရက်နေ့မှာ မြန်မာနိုင်ငံကိုရောက်လာပြီး စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးနဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ဆုံခွင့်ရရေးနဲ့ ပတ်သက်လို့ တရုတ်အစိုးရဘက်ကတော့ တစ်စုံတစ်ရာ ထုတ်ပြောတာမရှိသေးပါဘူး။

တရုတ်ခြေစိုက် မြန်မာ့အရေးလေ့လာသုံးသပ်သူ ဒေါက်တာ လှကျော်ဇောကတော့ တရုတ်အစိုးရအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ရဖို့ ကြိုးစားနေပေမယ့် စစ်ကောင်စီဘက်က တွေ့ခွင့်မပြုသေးဘူးလို့ ပြောပါတယ်။

စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံရေးကနေ အပြီးအပိုင် ဖယ်ထုတ်ပစ်ဖို့အထိ ရည်ရွယ်ထားတာကြောင့် အခုလိုတောင်းဆိုမှုတွေကို လက်မခံတာဖြစ်တယ်လို့ သူက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။