ဒေါ်အောင်ဆန်းစုကြည် အဂတိစွဲချက်ပြင်ဆင်မှုကို နှစ်လကြာမှ ဆုံးဖြတ်

2022.05.04
ဒေါ်အောင်ဆန်းစုကြည် အဂတိစွဲချက်ပြင်ဆင်မှုကို နှစ်လကြာမှ ဆုံးဖြတ် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တို့ကို ၂၀၁၈ ခုနှစ် အောက်တိုဘာ ၁၅ ရက်နေ့မှာ တွေ့ရစဉ်
Photo: Myanmar state counsellor office

နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ဟာ ဦးဖြိုးမင်းသိန်းဆီကနေ ရွှေနဲ့ ဒေါ်လာ တွေ လက်ခံရယူခဲ့တယ်ဆိုပြီး နေပြည်တော် အထူးတရားရုံးမှာ ဖေဖော်ဝါရီလ ၂၈ ရက် နေ့က စွဲချက်တင်ခံထားရတဲ့ အမိန့်အတွက် ပြင်ဆင်မှုကို မေလ ၄ ရက် ဒီနေ့မှာ ပြည်ထောင်စု တရားလွှတ်တော်ချုပ်က လက်မခံဘဲ ပယ်ချလိုက်တယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေက ပြောပါတယ်။

ဒီအဂတိမှုအတွက် ထောင်ဒဏ် ငါးနှစ်ကျခံဖို့ ဧပြီလ ၂၇ ရက်နေ့ကပင် အောက်တရားရုံးမှာ အပြီးသတ်အမိန့်ချ ထားပြီးမှ မူလစွဲချက်ပြင်ဆင်မှုကို လက်မခံဘူးလို့ အထက်တရားရုံးက ဆုံးဖြတ်ခဲ့တာလို့ ပြောပါတယ်။

ပုံမှန်အားဖြင့် စွဲချက်အမိန့်အတွက် အထက်တရားရုံးကို ပြင်ဆင်မှုတက်ရောက်နေချိန်မှာ အောက်တရားရုံးက အပြီးသတ်စီရင်မှုကို ရပ်ထားရမှာဖြစ်ပေမယ့် အောက်တရားရုံးက အပြီးသတ်အမိန့်ကို ဆက်လက်ချမှတ်ခဲ့သလို ပြည်ထောင်စုတရားလွှတ်တော်ချုပ်ကလည်း အောက်တရားရုံးက အပြီးသတ်စီရင်ချက်ချပြီးမှ မူလက တင်ပြထားတဲ့ စွဲချက်ပြင်ဆင်မှု တင်ပြချက်ကို ဆုံးဖြတ်တာဟာ ဥပဒေက ခွင့်ပြုထားတဲ့ လွတ်လပ်စွာအယူခံ ဝင်ပိုင်ခွင့်ကို ပါ ဆုံးရှုံးစေတာဖြစ်ကြောင်း ရှေ့နေတစ်ဦးက ဝေဖန် ပါတယ်။

သတင်းမီဒီယာတွေနဲ့ ပြောဆိုခွင့် ပိတ်ပင်ခံထားရတဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အကျိုးဆောင်ရှေ့နေ တွေကို ဒီကိစ္စနဲ့ ပတ်သက်လို့ မေးမြန်းနိုင်ခြင်းမရှိပါဘူး။

ဦးဖြိုးမင်းသိန်းနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည် ရင်ဆိုင်နေရတဲ့ အဂတိအမှုအတွက် ပြီးခဲ့တဲ့ ဖေဖော်ဝါရီ လ ၂၈ ရက်နေ့ကတည်းက စွဲချက်တင်အမိန့်ချခံခဲ့ရတာပါ။ အဲဒီစွဲချက် ကို ပယ်ဖျက်ပေးဖို့အတွက် အထက်ရုံးဖြစ်တဲ့ ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှာ အမှုကို လက်ခံစစ်ဆေးပေးဖို့ ပြီးခဲ့တဲ့ မတ်လကပင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေ တွေက ပြင်ဆင်မှုတက်ခဲ့တာပါ။ ဒါပေမဲ့ အချိန်နှစ်လလောက်အကြာ အပြီးသတ်အမိန့် ချမှတ်ပြီးနောက် အမှုကို လက်မခံတဲ့အကြောင်း အထက်ရုံးက အကျဉ်းနည်းနဲ့ ပယ်ချခဲ့တာ ဖြစ်ပါတယ်။

ဒီအမှုဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက် ၂၀၁၇ ဒီဇင်ဘာလ ကနေ ၂၀၁၈ မတ်လ အကြားမှာ အမေရိကန်ဒေါ်လာ ခြောက်သိန်းနဲ့ အကယ်ဒမီရွှေ ခုနစ်ပိဿာကို ဒေါ်အောင်ဆန်းစုကြည်က သုံးကြိမ်ခွဲပြီးတော့ လက်ခံရယူခဲ့တယ်ဆိုပြီး စစ်ကောင်စီက စွပ်စွဲခဲ့တာပါ။

ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ကလည်း "ရွှေနဲ့ ဒေါ်လာတွေကို ဦးဖြိုးမင်းသိန်းက သူ့ကို ပေးစရာ ဘာအကြောင်းမှ မရှိဘူး။ ယူစရာ အကြောင်းလည်း မရှိဘူး။ ဒါတွေအားလုံးဟာ လက်တွေ့မမြင်ရတဲ့ စိတ်ကူးနဲ့ လုပ်ကြံဖန်တီးမှုတွေသာဖြစ်တယ်” လို့ ပြီးခဲ့တဲ့ ရုံးချိန်း တစ်ခုမှာ တုံ့ပြန်ပြောဆိုထားပါတယ်။

တရားလိုဖြစ်တဲ့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် စစ်ဆေးရေးမှူး ဦးရဲထက်ကို ပြီးခဲ့တဲ့နှစ် အောက်တိုဘာ ၈ ရက်နေ့ စစ်မေးခဲ့တုန်းက ဦးဖြိုးမင်းသိန်း ပေးခဲ့တယ်ဆိုတဲ့ ရွှေနဲ့ ဒေါ်လာ သက်သေခံပစ္စည်းတွေ ဒေါ်အောင်ဆန်းစုကြည်ဆီကနေ သိမ်းဆည်းရ မိခဲ့တာ မရှိဘူးလို့ ထွက်ဆိုခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီပြစ်မှုကို ကျူးလွန်ခဲ့ကြောင်း သိသာထင်ရှားတဲ့ သက်သေခံ မှုတွေမရှိခဲ့သလို ဆုံးဖြတ်တဲ့တရားရုံးကလည်း လွတ်လပ်ပွင့်လင်းတဲ့ တရားရုံးမဟုတ်ခဲ့ဘူး လို့ အမှုကို စောင့်ကြည့်နေကြတဲ့ ဥပဒေအသိုင်းအဝိုင်းကနေ ဝေဖန်ကြပါတယ်။

ဒီအမိန့်နဲ့ ပတ်သက်လို့ကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေတွေက အခုရက်ပိုင်း အတွင်း အယူခံတက်သွားဖို့ ရှိနေတယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေက ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်တပ်က အာဏာသိမ်းပြီးနောက် အမှုပေါင်း ၁၉ ခုနဲ့ တရားစွဲဆိုခံထားရတာပါ။ လက်ရှိမှာ အမှု ခြောက်မှုအတွက် ထောင်ဒဏ် ၁၁ နှစ် ချမှတ်ခံထားရပါတယ်။ ဒါကြောင့် သူဟာ အမှု ၁၃ မှုနဲ့ ဆက်လက်တရားရင်ဆိုင် နေရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။