ဒေါ်အောင်ဆန်းစုကြည် ရွေးကောက်ပွဲအမှု စွဲချက်အတွက် နှစ်ဖက်လျှောက်လဲမည်

2022.05.13
Share on WhatsApp
Share on WhatsApp
ဒေါ်အောင်ဆန်းစုကြည် ရွေးကောက်ပွဲအမှု စွဲချက်အတွက် နှစ်ဖက်လျှောက်လဲမည် နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်အား တွေ့ရစဉ်
Photo: RFA

နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့်နဲ့ ပြည်ထောင်စု အစိုးရအဖွဲ့ရုံး ဝန်ကြီး ဦးမင်းသူတို့ စွပ်စွဲခံထားရတဲ့ ရွေးကောက်ပွဲမသမာမှုနဲ့ ပတ်သက်လို့ လာမယ့်ရုံးချိန်းမှာ စွဲချက်တင်သင့်၊ မတင်သင့် နှစ်ဖက်လျှောက်လဲမယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေက ပြောပါတယ်။

တရားလိုဘက်က တင်သွင်းထားတဲ့ တရားလိုနဲ့ တရားလိုပြသက်သေ စုစုပေါင်း အယောက် ၂၀ ရှိတဲ့အနက် ကိုးယောက်အထိ စစ်ဆေးပြီးစီးသွားပြီး စစ်ဆေးဖို့ ကျန်နေတဲ့ တရားလို ပြသက်သေ ၁၁ ယောက်ကို မေလ ၁၃ ရက် ဒီနေ့ရုံးချိန်းမှာ တရားလိုဘက်က ပြန်လည် ရုပ်သိမ်းသွားတယ်လို့ ဆိုပါတယ်။ ဘာကြောင့် ရုပ်သိမ်းတယ် ဆိုတာကိုတော့ မသိရ သေးပါဘူး။

ဒါကြောင့် လာမယ့် မေလ ၂၇ ရက်နေ့ ရုံးချိန်းမှာ စွဲချက်တင်သင့်၊ မတင်သင့်ကို နှစ်ဖက် ရှေ့နေတွေက လျှောက်လဲချက်ပေးရမှာ ဖြစ်ပါတယ်။

စစ်ဆေးဖို့ကျန်နေတဲ့ တရားလိုပြသက်သေ ၁၁ ယောက်ကို ဘာကြောင့်ပြန်လည်ရုပ်သိမ်း လိုက်တယ် ဆိုတာတော့ မသိရသေးပါဘူး။

ဒီအမှုဟာ ၂၀၂၀ ရွေးကောက်ပွဲမှာ ရွေးကောက်ပွဲကော်မရှင် (UEC) အပေါ် မလျော်သြဇာ သုံးတယ်ဆိုတဲ့ စွပ်စွဲချက်ဖြစ်တဲ့ ရာဇသတ်ကြီးဥပဒေပုဒ်မ - ၁၃၀ - က အမှုဖြစ်ပြီး တရားလိုအဖြစ် စစ်ကောင်စီရဲ့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ညွှန်ကြားရေးမှူး ဦးအောင်မျိုးလွင်က စွဲဆိုထားတာပါ။

အမှုကို ရက်ပေါင်း ၁၈၀ အတွင်း အပြီးစစ်ဆေးဖို့ တရားရုံးက ဆုံးဖြတ်ထားသလို တရားလို ပြသက်သေ အယောက် ၂၀ ကိုလည်း ဧပြီလ ၁၈ ရက်နေ့ အပြီး စစ်ဆေးမယ်လို့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၇ ရက်နေ့ ရုံးချိန်းမှာ ပြုလုပ်တဲ့ တရားရုံးမှုခင်းစီမံခန့်ခွဲမှု အစည်းအဝေးမှာ ဆုံးဖြတ်ခဲ့တာပါ။

အခု စွဲဆိုထားတဲ့ ရာဇသတ်ကြီးဥပဒေပုဒ်မ - ၁၃၀ - က ဟာ ငွေဒဏ်အပြင် အမြင့်ဆုံး ထောင်ဒဏ် သုံးနှစ်အထိ ချမှတ်နိုင်တဲ့ ပုဒ်မဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲဟာ အားနည်းချက် အနည်းငယ်ရှိပေမယ့် တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်တယ်လို့ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေးအဖွဲ့တွေက ၂၀၂၀ ရွေးကောက်ပွဲအပြီးမှာ ထုတ်ပြန်ပြောဆိုထားကြတာပါ။

အသက် ၇၆ နှစ် ရှိပြီဖြစ်တဲ့ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်တပ်က အာဏာသိမ်းပြီးနောက် အမှုပေါင်း ၁၉ ခုနဲ့ တရားစွဲဆိုခံခဲ့ရပါတယ်။ လက်ရှိမှာ အမှု ခြောက်မှုအတွက် ထောင်ဒဏ် ၁၁ နှစ် ချမှတ်ခံထားရပြီး ကျန်ရှိနေတဲ့ အမှု ၁၃ မှုအတွက် ဆက်လက်တရားရင်ဆိုင်နေ ရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

ဆိုက်တခုလုံးသို့