ဒေါ်အောင်ဆန်းစုကြည် စွပ်စွဲခံထားရတဲ့ အဂတိလေးမှု စွဲချက်တင်သင့်၊ မတင်သင့် အမိန့်ချမည်

ဒေါ်အောင်ဆန်းစုကြည် တရားစွဲဆိုခံထားရတဲ့ အဂတိမှုတွေထဲက လေးမှုကို လာမယ့် မေလ ၂၄ ရက်နေ့ ရုံးချိန်းမှာ စွဲချက်တင်သင့်၊ မတင်သင့် အမိန့်ချမယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေက မေလ ၁၈ ရက် ဒီနေ့ ပြောပါတယ်။

အဲဒီအမှုတွေဟာ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းရဲ့ လရောင်တော အသက်မွေးပညာ သင်တန်းကျောင်း စီမံကိန်းအတွက် နေပြည်တော်မှာ မြေနေရာရယူတာ၊ ရန်ကုန်က ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းရုံးချုပ် မြေနေရာနဲ့ အဆောက်အအုံ ငှားရမ်းတဲ့ ကိစ္စရပ်တွေနဲ့ သက်ဆိုင်တဲ့အမှုတွေ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ နေပြည်တော် မြို့တော်ဝန် ဒေါက်တာ မျိုးအောင်၊ ဒု-မြို့တော်ဝန် ဦးရဲမင်းဦးနဲ့ နေပြည်တော် စည်ပင်ကော်မတီဝင် ဦးမင်းသူတို့လည်း ဒီအမှုတွေမှာ ပူးတွဲ စွဲဆိုခံထားရပါတယ်။

မေလ ၁၇ ရက်နေ့ မနေ့ကရုံးချိန်းမှာ အဲဒီအမှု လေးမှုအတွက် နှစ်ဖက်ရှေ့နေတွေက စွဲချက်လျှောက်လဲချက် ပေးခဲ့ကြတာပါ။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေတွေကို မီဒီယာတွေနဲ့ ဆက်သွယ်ပြောဆိုခွင့် ပိတ်ပင်ထားတာကြောင့် လျှောက်လဲချက် အသေးစိတ်ကိုတော့ မသိရသေးပါဘူး။

အသက် ၇၆ နှစ် ရှိပြီဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်တပ်က အာဏာသိမ်း ပြီးနောက် အမှုပေါင်း ၁၉ ခုနဲ့ တရားစွဲဆိုခံခဲ့ရပါတယ်။ လက်ရှိမှာ အမှု ခြောက်မှုအတွက် ထောင်ဒဏ် ၁၁ နှစ် ချမှတ်ခံထားရပြီး ကျန်ရှိနေတဲ့ အမှု ၁၃ မှုအတွက် ဆက်လက်တရား ရင်ဆိုင်နေရပါတယ်။