ဒေါ်အောင်ဆန်းစုကြည် ရွေးကောက်ပွဲအမှု ဇွန် ၃ ရက်နေ့ စွဲချက်တင်၊ မတင် အမိန့်ချမည်

နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့်နဲ့ ပြည်ထောင်စု အစိုးရ အဖွဲ့ရုံး ဝန်ကြီး ဦးမင်းသူတို့ စွပ်စွဲခံထားရတဲ့ ရွေးကောက်ပွဲမသမာမှုနဲ့ ပတ်သက်လို့ လာမယ့် ဇွန်လ ၃ ရက်နေ့ ရုံးချိန်းမှာ စွဲချက်တင်သင့်၊ မတင်သင့် အမိန့်ချမယ်လို့ တရားရုံး နဲ့ နီးစပ်သူတွေက ပြောပါတယ်။

မေလ ၂၇ ရက် ဒီနေ့ရုံးချိန်းမှာ နှစ်ဖက်ရှေ့နေတွေက လျှောက်လဲချက် ပေးခဲ့ကြတာ ကြောင့် စွဲချက်တင်သင့်၊ မတင်သင့် အမိန့်ရုံးချိန်းကို နောက်တစ်ပတ် သောကြာ ဇွန်လ ၃ ရက်နေ့ကို တရားရုံးက ပြန်လည် ချိန်းဆိုခဲ့တာပါ။

ဒီအမှုဟာ ၂၀၂၀ ရွေးကောက်ပွဲမှာ ရွေးကောက်ပွဲကော်မရှင် (UEC) အပေါ် မလျော်သြဇာ သုံးတယ်ဆိုတဲ့ စွပ်စွဲချက်ဖြစ်တဲ့ ရာဇသတ်ကြီးဥပဒေပုဒ်မ-၁၃၀-က အမှုဖြစ်ပြီး တရားလို အဖြစ် စစ်ကောင်စီရဲ့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ညွှန်ကြားရေးမှူး ဦးအောင် မျိုးလွင်က စွဲဆိုထားတာပါ။

ရိုးရှင်းတဲ့အမှုဖြစ်လို့ ရက်ပေါင်း ၁၈၀ အတွင်း အပြီးစစ်ဆေးဖို့အတွက် ပြီးခဲ့တဲ့ ဇန်နဝါရီလ ၃၁ ရက်နေ့ရုံးချိန်းမှာ ပြုလုပ်ခဲ့တဲ့ တရားရုံးမှုခင်းစီမံခန့်ခွဲမှု အစည်းအဝေးမှာ ဆုံးဖြတ်ထား ပါတယ်။

အခု စွဲဆိုခံထားရတဲ့ ရာဇသတ်ကြီးဥပဒေပုဒ်မ-၁၃၀-က ဟာ ငွေဒဏ်အပြင် အမြင့်ဆုံး ထောင်ဒဏ် သုံးနှစ်အထိ ချမှတ်နိုင်တဲ့ ပုဒ်မဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲဟာ အားနည်းချက် အနည်းငယ်ရှိပေမယ့် တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်တယ်လို့ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေးအဖွဲ့တွေက ၂၀၂၀ ရွေးကောက်ပွဲအပြီးမှာ ထုတ်ပြန်ပြောဆိုထားကြတာပါ။

အသက် ၇၆ နှစ် ရှိပြီဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်တပ်က အာဏာသိမ်းပြီး နောက် အမှုပေါင်း ၁၉ ခုနဲ့ တရားစွဲဆိုခံထားရပါတယ်။ လက်ရှိမှာ အမှု ခြောက်မှုအတွက် ထောင်ဒဏ် ၁၁ နှစ် ချမှတ်ခံထားရပြီး ကျန်ရှိနေတဲ့ အမှု ၁၃ မှုအတွက် ဆက်လက်တရား ရင်ဆိုင်နေရပါတယ်။