ဒေါ်အောင်ဆန်းစုကြည်အမှု တရားလိုပြသက်သေတစ်ချို့ကို ပြန်လည်စစ်ဆေး

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့်နဲ့ နေပြည်တော်မြို့တော်ဝန် ဒေါက်တာမျိုးအောင်တို့ရဲ့ အမှုတွေကို စစ်တင်ဘာ ၂၈ ရက် ဒီနေ့မှာ နေပြည်တော်က သီးသန့်အထူး တရားရုံးမှာပဲ ဆက်လက်စစ်ဆေးခဲ့ပါတယ်။

သူတို့သုံးဦးစလုံးကိုစွဲထားတဲ့ နိုင်ငံတော်ငြိမ်ဝမ်ပိပြားမှုကို ပုဒ်မ ၅၀၅ (ခ) အမှုနဲ့ပတ်သက်လို့ ဒီနေ့မှာ တရားလို ဦးစိုးစိုးရွှေနဲ့ အမှုစစ်ရဲအရာရှိတို့ နှစ်ဦးကို ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေတွေက ပြန်ခေါ် သက်သေအနေနဲ့ စစ်ဆေးခဲ့ပါတယ်။

ဒီအမှုကို ပြီးခဲ့တဲ့အပတ်ရုံးချိန်မှာ စွဲချက်တင်အမိန့်ချခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည် အပါအဝင် သုံးဦးစလုံး ကတော့ အပြစ်မရှိကြောင်း ရုံးတော်မှာ ထွက်ဆိုထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေတွေက အမှုကိုခုခံချေပဖို့အတွက် စွပ်စွဲခံရသူတွေဘက်က တင်ပြမယ့် သက်သေစာရင်းကို နောက်တစ်ပတ်ရုံးချိန်းမှာ ပေးရမှာပါ။

အဲဒီရုံးချိန်းမှာ အခုအမှုနဲ့ပတ်သက်လို့ အချိန်ကာလ ဘယ်လောက်မှာ အပြီးစစ်မယ်ဆိုတဲ့ မှုခင်းစီမံခန့်ခွဲမှု အစည်းအဝေးကိုလည်း ပြုလုပ်သွားမယ်လို့ဆိုပါတယ်။

ဒီနေ့ ပြန်ခေါ်သက်သေတွေ စစ်ဆေးတဲ့ ၅၀၅ (ခ) အမှုက NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့ ထုတ်ပြန်ခဲ့တဲ့ ကြေညာချက်နှစ်စောင်ဟာ နိုင်ငံတော်ငြိမ်ဝပ်ပိပြားရေးကို ထိခိုက်တယ်ဆိုပြီး စစ်ကောင်စီဘက်က ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့်နဲ့ နေပြည်တော်မြို့တော်ဝန် ဒေါက်တာမျိုးအောင်တို့ သုံးဦး စလုံးအပေါ် စွဲထားတဲ့အမှု ဖြစ်ပါတယ်။

စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်တို့ သုံးဦးကို ဖမ်းဆီးပြီး NLD ပါတီနဲ့ရော လူထုနဲ့ပါ အဆက်အသွယ် ဖြတ်ထားချိန် ဖေဖော်ဝါရီ ၇ ရက်နဲ့ ၁၃ ရက်နေ့တွေမှာ NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့က အဲဒီကြေညာချက် နှစ်စောင်ကို ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် တစ်ဦးတည်းကို စွဲထားတဲ့ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဥပဒေပုဒ်မ ၂၅ အမှုအတွက်ကတော့ ဒီနေ့မှာ တရားလိုပြသက်သေတစ်ဦးကို စစ်ဆေးခဲ့ပြီး နောက်ရုံးချိန်းမှာတော့ အဲဒီအမှုနဲ့ပတ်သက်လို့ နောက်ဆုံးကျန်တော့တဲ့ တရားလိုပြသက်သေတစ်ဦးကို ထပ်မံစစ်ဆေးရမှာပါ။

ဒီအမှုကတော့ ၂၀၂၀ သြဂုတ်လ ရွေးကောက်ပွဲမတိုင်ခင်မှာ ဒေါ်အောင်ဆန်းစုကြည် နေပြည်တော် ဇမ္ဗူ သီရိမြို့နယ် ရွှေကြာပင်ရပ်ကွက်ကို လာရောက်စဉ် လူစုလူဝေးဖြစ်ခဲ့လို့ဆိုပြီး ၂၀၂၁ ဧပြီလ ၁၂ ရက်နေ့ အွန်လိုင်းစနစ်နဲ့ ရုံးထုတ်စဉ်မှာ စွဲတင်လိုက်တဲ့အမှု ဖြစ်ပါတယ်။

အခုတနင်္လာနဲ့ အင်္ဂါ နှစ်ရက်မှာ ဒေါ်အောင်ဆန်စုကြည်ကို စွဲထားတဲ့ အမှု ၅ မှုကို စစ်ဆေးခဲ့ပြီး လာမယ့် ကြာသပတေးနဲ့ သောကြာ နှစ်ရက်မှာ အစိုးရလျှို့ဝှက်ချက်များအက်ဥပဒေ ၃ (၁) (ဂ) နဲ့ စွဲထားတဲ့ တစ်မှုနဲ့ အဂတိအမှု လေးမှုကို စစ်ဆေးသွားမှာပါ။

ရန်ကုန်တိုင်း တရားလွှတ်တော်က ကိုင်တွယ်နေတဲ့ အဂတိမှုတစ်မှုကိုတော့ အောက်တိုဘာလ ၆ ရက်နေ့မှာ စစ်ဆေးမှာဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်နိုင်တဲ့ ပုဒ်မတွေဖြစ်တဲ့ မြန်မာနိုင်ငံ လျှို့ဝှက်အက် ဥပဒေ ပုဒ်မ ၃ (၁) (ဂ)၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ (၅၅) ပုဒ်မတွေ အပါအဝင် အမှုပေါင်း ၁၁ မှုနဲ့ စစ်ကောင်စီက အရေးယူထားပါတယ်။