ကြေးနီစီမံကိန်း ဆန္ဒပြသူများကို ဒေါ်စု သွားရောက်တွေ့ဆုံမည်

လက်ပန်းတောင်းတောင် ကြေးနီ စီမံကိန်း ရပ်တန့်ရေး တောင်းဆိုနေ တဲ့ ဒေသခံပြည်သူတွေကို ရှေ့ သီတင်းပတ်ထဲမှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် သွားရောက် တွေ့ဆုံအားပေးမယ်လို့ သိရပါတယ်။

2012.11.24
၂၀၁၂ ခုနှစ် စက်တင်ဘာလ ၁၀ ရက်က လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း ရပ်ဆိုင်းရန် ဒေသခံ ကျေးရွာလူထု တောင်းဆိုဆန္ဒပြနေကြစဉ်။
RFA

ဒေါ်အောင်ဆန်းစုကြည်က အဲဒီ ကြေးနီစီမံကိန်းကို ကန့်ကွက်ဆန္ဒပြနေကြတဲ့ ပြည်သူတွေရဲ့ဘဝကို  နားလည်စာနာတဲ့အနေနဲ့ လာမယ့် နိုဝင်ဘာလ ၂၉ ရက်နေ့မှာ သွားရောက်ဖို့ စီစဉ်ထားတာလို့ စစ်ကိုင်းတိုင်း ပုလဲမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင် က RFA ကိုပြောပါတယ်။

လက်ပန်းတောင်းတောင်မှာ လယ်မြေအသိမ်းခံရပြီး ရွာတွေပြောင်းရွှေ့ရလို့ သပိတ်စခန်းတွေဖွင့်ပြီး ဆန္ဒပြနေရာမှာ သံဃာတော်တွေနဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂအဖွဲ့ချုပ်ဝင်တွေ၊ နိုင်ငံရေးအကျဉ်းသားဟောင်းတွေက ဒေသခံတွေကို ကူညီနေပါတယ်။ ဒါ့အပြင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးသမားတွေ၊ လူမှုအခြေပြုအဖွဲ့တွေ၊ စာပေနဲ့ အနုပညာနယ်က ပုဂ္ဂိုလ်တွေကလဲ လေ့လာနေကြပါတယ်။

လနဲ့ချီကြာနေပြီဖြစ်တဲ့ ဒီပြသနာဖြေရှင်းဖို့ လွတ်လပ်တဲ့ကော်မတီတရပ်ဖွဲ့စည်းပြီး ဆောင်ရွက်နိုင်ရေးအတွက် လွှတ်တော်က သမ္မတကိုတိုက်တွန်းပေးဖို့ အဆိုကိုလဲ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင် က မနေ့ကကျင်းပတဲ့ ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ တင်ပြခဲ့ပါတယ်။ ဒီအဆိုနဲ့ပတ်သက်လို့တော့ လွှတ်တော်ရဲ့သဘောတူ ဆုံးဖြတ်ချက်တစုံတရာ ပေါ်ထွက်မလာသေးပါဘူး။

ဒေါ်ခင်စန်းလှိုင်က  မနေ့က ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ ကြားဖြတ်အစီအစဉ်အနေနဲ့ တင်သွင်းခဲ့တဲ့အဆိုနဲ့ ပတ်သက်ပြီး RFA သတင်းထောက် မသူဇာက ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

အသံဖိုင်နားထောင်ရန်
အသံဖိုင်ယူရန်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။