အတိုင်ပင်ခံပုဂ္ဂိုလ် ရေဘေးသင့်ပြည်သူတွေနဲ့ တွေ့ဆုံ

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ရေကြီးနစ်မြုပ်မှုဖြစ်နေတဲ့ ကရင်ပြည်နယ် ဘားအံမြို့ကို ဒီနေ့သွားရောက်ပြီး ရေဘေးဒုက္ခသည်စခန်းတချို့က ဒေသခံ ပြည်သူတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

ရေဘေးသင့်ပြည်သူတွေနဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် တွေ့ဆုံတဲ့အကြောင်း ကရင်ပြည်နယ်အစိုးရအဖွဲ့ရဲ့ ဗမာတိုင်းရင်း သားရေးရာဝန်ကြီး ဦးတေဇထွဋ်လှိုင်ထွေးက အခုလို ပြောပါတယ်။

"ဒီဘားအံမှာကလည်း ရေကြီးနေတယ်။ မိုးကလည်းများတယ်။ ကယ်ဆယ်ရေးစခန်းတွေလည်း ဖြစ်နေတယ်။ အတိုင်ပင်ခံပုဂ္ဂိုလ်အနေနဲ့ မလာသင့်ဘူးဆိုပြီး ကိုဇော်ဌေးတို့က ပြန်ပြောတော့ အမေဒေါ်အောင်ဆန်းစုကြည် ကလည်း စဉ်းစားနေရတယ်ပေါ့။ ဒီချိန်မှာ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ကလည်း အတိုင်ပင်ခံပုဂ္ဂိုလ်ကို အကူအညီတောင်းတာပဲလား အကြံပေးတာပဲလားမသိဘူး။ သွားသင့်တယ်လို့ဆိုပြီး ချက်ခြင်းပျက်တဲ့အစီစဉ်ကို ခေါင်းစဉ်ပြောင်းလိုက်တယ်ပေါ့။ မနေ့ကညနေ ၃ နာရီခွဲမှာ နိုင်ငံတော်သမ္မတရုံးက ရေဘေးသင့်ပြည်သူတွေနဲ့ အစိုးရအဖွဲ့နဲ့တွေ့မယ်ဆိုပြီး အစီစဉ်ကိုပြောင်းပြီး ညနေ ၃ နာရီခွဲ ချက်ခြင်းပြန်စီစဉ်တော့ အဲသလိုလေးဖြစ် သွားတယ်ပေါ့"

ဇူလိုင်လ ၂၂ ရက်နေ့က စပြီး ရေကြီးမူကြောင့် လက်ရှိ ဘားအံမြို့မှာ ရေဘေးဒုက္ခသည်စခန်း ၁ဝ ခုအထိရှိနေပြီး ဒုက္ခသည်စခန်းတွေမှာ ရေဘေးသင့်ပြည်သူ ရှစ်ထောင်ခန့်ရှိနေကြောင်းနဲ့ ရွှေရင်မျှော်ရေဘေးဒုက္ခသည်စခန်း၊ ပြည်နယ်မိုးလုံလေလုံ ဒုက္ခသည် စခန်းတွေကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် သွားရောက်ခဲ့တယ်လို့ ပြောပါတယ်။

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ဟာ ပြည်နယ်အစိုးရအဖွဲ့ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံရာမှာ အိမ်ရှင်မတွေကို ရိုးရာဂျက်ခုတ် သင်တန်းတွေကို အိမ်တိုင်ရာရောက်ပို့ချပေးဖို့နဲ့ ကရင်ပြည်နယ်အတွင်း အသေးစားလုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်နယ်အစိုးရအနေနဲ့ နိုင်ငံတကာနဲ့ ချိတ်ဆက်ဆောင်ရွက်ပေးဖို့ မှာကြားခဲ့တယ်လို့ ပြောပါ တယ်။

ဒီနေ့ ကရင်ပြည်နယ် ဘားအံမြို့၊ ဇွဲကပင်ခန်းမမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒေသခံတွေ ငြိမ်းချမ်းရေးစကားဝိုင်းလုပ်ဖို့ ပြင်ဆင်ခဲ့ပေမယ့် ရေကြီးမှုတွေကြောင့် ခရီးစဉ်ကို ဖျက်သိမ်းခဲ့ပြီးနောက် မနေ့ညနေကမှ ရေဘေးသင့်ပြည်သူတွေနဲ့ တွေ့ဆုံမယ်ဆိုပြီး ပြည်နယ်အစိုးရအဖွဲ့ကို ချက်ခြင်းအကြောင်းကြား လာတာလို့ ဗမာတိုင်းရင်းသားရေးရာဝန်ကြီး ပြောပါတယ်။