ဂျပန်အစိုးရရဲ့ ဖိတ်ကြားချက်အရ ဂျပန်နိုင်ငံကို ရောက်ရှိနေတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့မနက်ပိုင်းက ကျိုတိုမြို့က အသေးစား ရေအား လျှပ်စစ်စက်ရုံတစ်ရုံကို သွားရောက်လေ့လာခဲ့ပါတယ်။
အဲဒီစက်ရုံက တပိုင်တနိုင် ရေအားလျှပ်စစ် ထုတ်လုပ်ရေးစီမံကိန်းကို လေ့လာကြည့်ရှု ခဲ့ပြီးတဲ့နောက် ဒေါ်အောင်ဆန်းစုကြည်ဟာ အရင်အောက်စ်ဖို့တက္ကသိုလ်က ကျောင်းနေဖက် မိတ်ဆွေတွေနဲ့အတူ ကျိုတိုမြို့က ဂျပန်ဘုန်းတော်ကြီး ကျောင်းတစ်ကျောင်းကို သွားရောက်ခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒီကနေ့ ဂျပန်နိုင်ငံခရီးစဉ်နဲ့ ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွတ်မြောက်နယ်မြေ ဂျပန်ဌာနခွဲက ကိုသန့်ဇင်ဦး က အခုလို ပြောပါတယ်။
"မနက်ပိုင်းက အသေးစားလျှပ်စစ်လုပ်ငန်းကို သွားရောက်လေ့လာပါတယ်၊ နေ့ခင်းကတော့ သူ့ရဲ့မိတ်ဆွေက ဂျပန်ဘုန်းကြီးကျောင်း တစ်ကျောင်းမှာဧည့်ခံတဲ့ နေ့လယ်စာထမင်းစားပွဲကျင်းပတယ်၊ သူ့မိတ်ဆွေစီစဉ်ပေးတဲ့ ခရီးစဉ်မှာ လိုက်ပြီးလေ့လာတာ၊ လိုက်ကြည့်တာ၊ နောက်မိတ်ဆွေဟောင်းတွေ ပြန်တွေ့တာ"
ဒေါ်အောင်ဆန်းစုကြည်ဟာ မနက်ဖြန်မနက်မှာ ကျိုတိုမြို့က မြန်မာမိသားစုတွေနဲ့ တွေ့ဆုံမှာဖြစ်ပါတယ်။ နေ့လည်ပိုင်းမှာ ကျိုတိုတက္ကသိုလ်က ကျောင်းသူ၊ ကျောင်းသားတွေနဲ့ တွေ့ဆုံပြီး မိန့်ခွန်းပြောကြားမယ်လို့သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ ၁၉၈၅- ၈၆ ခုနှစ်က ကျိုတိုသက္ကသိုလ်မှာ သုတေသီအဖြစ် တစ်နှစ်နီးပါး တာဝန်ထမ်းဆောင်ခဲ့ပါတယ်။
မနက်ဖြန် ညနေပိုင်းမှာ Ryukoku တက္ကသိုလ်မှာ မိန့်ခွန်းပြောကြားပြီးနောက် ဒေါ်အောင်ဆန်းစုကြည်ဟာ တိုကျိုမြို့ကို ပြန်လည်ထွက်ခွာမှာပါ။
ဒေါ်အောင်ဆန်းစုကြည်ဟာ ရက်သတ္တပတ်တစ်ပတ်ကြာ ခရီးစဉ်အတွင်း ဂျပန်အိမ်ရှေ့စံမင်းသား Naruhito ၊ ဝန်ကြီးချုပ် ရှင်ဇိုအာဘေး (Shinzo Abe) အပါအဝင် အစိုးရခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးမှာဖြစ်ပါတယ်။