ဒေါ်အောင်ဆန်းစုကြည်နဲ့ ရန်ကုန်မြို့က ကျောင်းသားတွေ စာပေစကားဝိုင်း ကျင်းပမည်
2018.08.23
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ လာမယ့်သြဂုတ်လ ၂၈ ရက်နေ့မှာ ရန်ကုန်မြို့က တက္ကသိုလ် ကျောင်းသူကျောင်းသားတွေနဲ့ ရန်ကုန်တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမမှာ တွေ့ဆုံပြီး စာပေစကားဝိုင်း ကျင်းပသွားဖို့ရှိတယ်လို့ သိရပါတယ်။
ရန်ကုန်တက္ကသိုလ်မှာ နိုင်ငံတကာဆက်ဆံရေးဘာသာကို တက်ရောက်နေတဲ့ အမည်မဖော်လိုတဲ့ ပထမနှစ် ဂုဏ်ထူးတန်းကျောင်းသူတစ်ဦးက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ တွေ့ဆုံဖို့ ကျောင်းသူ၊ကျောင်းသားတွေ ရွေးချယ်ခဲ့တဲ့ အခြေအနေကို အခုလို ပြောပြပါတယ်။
“ဒီသုံးပတ်လောက်အတွင်းပဲ သိပ်မကြာသေးဘူး ရွေးလိုက်တာတော့လေ။ ဘယ်လိုပုံစံနဲ့ရွေးလည်း ဆိုတော့ အခန်းထဲမှာ ကိုယ့်အခန်းကိုယ်စားပြုတစ်ယောက် ရွေးပေးပါဆိုပြီးတော့ အချင်းချင်းပဲ မဲပေးပြီး တင်လိုက်တယ်ပေါ့။ တင်လိုက်ပြီးတော့ ဆရာမတွေက မေးခွန်းတွေပြန်မေးတယ်။ ဘာလို့သွားချင်လဲ ဘာညာပေါ့။ သူတို့အင်တာဗျူးတွေ ပြန်ဖြေရတယ်။”
အဲဒီပွဲမှာ တက္ကသိုလ်အသီးသီးက ကျောင်းသူကျောင်းသား ၂၀ ခန့်ကို ပါဝင်ဆွေးနွေးဖို့ ဖိတ်ကြားထားပြီး ရန်ကုန်တက္ကသိုလ်က နိုင်ငံတကာဆက်ဆံရေးဌာန IR နဲ့ နိုင်ငံရေးသိပ္ပံ PS ဌာနက ကျောင်းသား တစ်ဦး နဲ့ ကျောင်းသူတစ်ဦးကို ရွေးချယ်ထားပါတယ်။
ဆွေးနွေးပွဲကို မနက် ၁၀ နာရီကနေ ညနေ ၂ နာရီအထိ ကျင်းပသွားဖို့ရှိပြီး ကျောင်းသူကျောင်းသားတွေအနေနဲ့ မိမိတို့ဖတ်ထားတဲ့ စာအုပ်ထဲက အကြောင်းအရာတွေကို အခြေခံပြီး မိမိထင်မြင်ယူဆချက်တွေနဲ့ ပေါင်း စပ်ဆွေးနွေးရမှာ ဖြစ်တယ်လို့ သိရပါတယ်။
သမ္မတရုံးဝန်ကြီးဌာနရဲ့ ညွန်ကြားရေးမှူးချုပ် ဦးဇော်ဌေးကို အဲဒီဆွးနွေးပွဲနဲ့ ပတ်သက်ပြီး မေးမြန်းရာ မှာ တွေ့ဆုံပွဲဖြစ်မယ်ဆိုရင် သတင်းထုတ်ပြန်သွားမှာ ဖြစ်တယ်လို့သာ ဖြေကြားပါတယ်။
ဆွေးနွေးပွဲ ကျင်းပရေးနဲ့ပတ်သက်ပြီး လွှတ်တော်ကိုယ်စားလှယ်တွေကို အသိပေးထားတာ မရှိသေးဘူးလို့လည်း ကမာရွတ်မြို့နယ်က တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးတင်ဝင်း ကပြောပါတယ်။