အာဇာနည်နေ့အခမ်းအနား ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ခွင့်မရ

ခက်မာ(ဝါရှင်တန် ဒီစီ)
2021.07.19

ရန်ကုန်တိုင်း ဗဟန်းမြို့နယ်မှာရှိတဲ့ အာဇာနည်ဗိမာန်မှာ ၇၄ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကို စစ်ကောင်စီက ဦးဆောင်ကျင်းပခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ခွင့်မရခဲ့ပါဘူး။

ဒေါ်အောင်ဆန်းစုကြည်ဟာ ပြီးခဲ့တဲ့ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းချိန်ကတည်းက ဖမ်းဆီး တရားစွဲဆို ထိန်းသိမ်းခံနေရတာပါ။

အာဇာနည်နေ့မှာ တက်ရောက်ဂါရဝပြုဖို့ ရှိသလားလို့ ဒေါ်အောင်ဆန်းစုကြည်ကို သူ့ရဲ့ရှေ့နေတွေက ကြိုတင် မေးမြန်းခဲ့ရာမှာ ဒီကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီက ဘာမှပြောတာ မရှိခဲ့တဲ့အကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြန်ပြောခဲ့တယ်လို့ အကျိုးဆောင်ရှေ့နေ ဦးခင်မောင်ဇော်က RFA ကို ပြောပါတယ်။

“ကျွန်တော်ကမေးပါတယ်။ အာဇာနည်နေ့ကိုတက်ဖို့ ဘယ်လိုအစီအစဉ်ရှိပါသလဲဆိုတော့ ကျွန်မကို ဘာမှ မပြောဘူး အဲလိုပဲ ဖြေတယ်။ သူ့အဖေရဲ့ အထိမ်းအမှတ်နေ့အတွက် သူ့သမီးတက်တယ်ဆိုတာ သာမန် အနေနဲ့လည်း စဉ်းစားလို့ရတယ်၊ တက်သင့်လားဆိုတာလေ။ နောက်တစ်ခုက နိုင်ငံခေါင်းဆောင်ရဲ့ အထိမ်းအမှတ်နေ့မှာ သူ့သမီး၊ နိုင်ငံ့ခေါင်းဆောင် နိုင်ငံအတွက်လည်း လုပ်ခဲ့သူက တက်ခွင့်ရသင့်တယ် ဆိုတာ သိပ်သေချာတဲ့ကိစ္စပါပဲ”

ဒီနေ့ အာဇာနည်ဗိမာန်မှာ စစ်ကောင်စီက ဦးဆောင်ကျင်းပခဲ့တဲ့ အခမ်းအနားကို စစ်ကောင်စီထိန်းချုပ်ထားတဲ့ MRTV ရုပ်သံသတင်းမှာ တိုက်ရိုက်ထုတ်လွှင့် ပြသခဲ့ပါတယ်။

အဲဒီရုပ်သံထုတ်လွှင့်ချက်တွေအရ ဗိုလ်ချုပ်အောင်ဆန်းရဲ့ မိသားစုဝင်တွေကိုယ်စား ရန်ကုန်မြို့တော် စည်ပင် သာယာရေးကော်မတီ၊ ပြည်သူ့ဆက်ဆံရေးနဲ့ ပြန်ကြားရေးဌာနမှူး ဒေါက်တာတိုးအောင်က ပန်းခွေချခဲ့တာ တွေ့ရပါတယ်။

ဒါ့အပြင် အာဇာနည်တွေဖြစ်ကြတဲ့ သခင်မြ၊ ဦးဘဝင်း၊ ရဲဘော်ကိုထွေးတို့ရဲ့ မိသားစုဝင်တွေလည်း တက်ရောက် ဂါရဝပြုတာ မရှိတဲ့အတွက် အခမ်းအနားအစီအစဉ် ရေးဆွဲရေး ဆပ်ကော်မတီကပဲ မိသားစုကိုယ်စား ပန်းခွေချခဲ့တာ တွေ့ရပါတယ်။

အာဇာနည် ဒီးဒုတ်ဦးဘချို၊ ဦးမန်းဘခိုင်၊ မိုင်းပွန်စော်ဘွားကြီးစဝ်စံထွန်း၊ ဦးရာဇတ်၊ ဦးအုန်းမောင်တို့ရဲ့ မိသားစုဝင်တွေကတော့ တက်ရောက်ဂါရဝပြုတာ တွေ့ရပါတယ်။

"ဘယ်လိုပဲ အခက်အခဲကြုံကြုံ အာဇာနည်စိတ်ဓာတ်နဲ့ ကျော်လွှားကြဖို့ ရည်ရွယ်ပြီး အာဇာနည်မျိုး သေရိုးမရှိ ဆိုတာကို ကိုင်စွဲပြီးတော့ အဲလိုကြွေးကြော်သံတွေနဲ့ ချီတက်ဆန္ဒပြခဲ့တာ"

ဗိုလ်ချုပ်အောင်ဆန်းနဲ့တကွ အာဇာနည်ခေါင်းဆောင်ကြီးတွေ ကျဆုံးခဲ့တာ ဒီကနေ့ ၇၄ နှစ်တင်းတင်းပြည့်ပြီ ဖြစ်ပေမယ့် အခုချိန်ထိ အာဇာနည်ခေါင်းဆောင်ကြီးတွေ မျှော်မှန်းခဲ့သလိုဖြစ်မလာဘဲ တိုင်းပြည်အဖက်ဖက်က ဆုတ်ယုတ်ပျက်ဆီးနေတဲ့အပေါ်စိတ်မကောင်းဖြစ်မိတယ်လို့ ဒီကနေ့ အာဇာနည်နေ့ အခမ်းအနားကို တက်ရောက်ခဲ့တဲ့ အာဇာနည်ခေါင်းဆောင်ကြီး အတွင်းဝန်ဦးအုန်းမောင်ရဲ့ သားဖြစ်သူ ရန်ကုန်တက္ကသိုလ်၊ ကုန်ထုတ်ဓာတုဗေဒဌာန အငြိမ်းစားပါမောက္ခ ဒေါက်တာမင်းမြင့် က RFA ကို ပြောပါတယ်။

“ဗိုလ်ချုပ်အောင်ဆန်းအမှူးပြုတဲ့ အာဇာနည်ခေါင်းဆောင်ကြီးတွေက အသက်ပေးပြီးတော့ လွတ်လပ်ရေး ကို ရအောင်ယူပြီးတော့ တဖြည်းဖြည်းနဲ့ ဒီမိုကရေစီပါရအောင်လုပ်ဖို့ ရည်မှန်းခဲ့တယ်ပေါ့လေ။ အဲဒီ ရည်မှန်းချက်ကို ဒီနေ့အထိ အကောင်အထည်ဖော်ဖို့ဟာကို မဖော်နိုင်သေးဘူးပေါ့နော်။ အေးချမ်းသာယာ ပြီးတော့ တိုးတက်တာတွေ၊ လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ အကုန်လုံးတိုးတက်တဲ့ဟာကို မြင်ချင်တာပေါ့။ အခုကတော့ ဒုက္ခသုက္ခတွေ အကြီးအကျယ် ကြုံနေရတယ်။ ကျွန်တော့အနေနဲ့ အရမ်းစိတ်မကောင်း ဖြစ်ရတယ်”

လက်ရှိဖြစ်ပျက်နေတဲ့ အခြေနေတွေ အမြန်ဆုံး တည်ငြိမ်အေးချမ်းဖို့အတွက် သက်ဆိုင်သူအားလုံး စေ့စပ်ညှိုနှိုင်းပြီး ဝိုင်းဝန်းအဖြေရှာသင့်တယ်လို့လည်း ဒေါက်တာမင်းမြင့်က တိုက်တွန်းသွားပါတယ်။

ရန်ကုန်မြို့က အာဇာနည်ဗိမာန်မှာ စစ်ကောင်စီက အာဇာနည်နေ့ အခမ်းအနားလုပ်နေစဉ်မှာပဲ ရန်ကုန်၊ မန္တလေးအပါအဝင် နယ်မြို့တွေမှာ အာဇာနည်ကြီးတွေရဲ့ သတ္တိကိုကိုင်စွဲပြီး ဆက်လက်တိုက်ပွဲဝင်ကြဖို့ ဆောင်ပုဒ်နဲ့ လှုပ်ရှားမှုတွေပြုလုပ်ခဲ့ကြပါတယ်။

မုံရွာမြို့မှာဆိုရင် မနက်ပိုင်းမှာ ဆန္ဒပြလှုပ်ရှားမှုတွေအပြီး အာဇာနည်ခေါင်းဆောင်တွေကို အလေးပြုတဲ့ အခမ်းအနားပါပြုလုပ်ခဲ့ကြတယ်လို့ ပင်မသပိတ်ကော်မတီဝင်တစ်ဦးဖြစ်တဲ့ ကိုခန့်ဝေဖြိုး က ပြောပါတယ်။

“ကျွန်တော်တို့ ဒီမနက်စောစာပိုင်းမှာတော့ မုံရွာပင်မသပိတ်အနေနဲ့ကျတော့ အာဇာနည်မျိုး သေရိုးမရှိ ပေါ့နော်၊ နိုင်ငံအတွက် လွတ်လပ်ရေးအတွက်ပေးဆပ်ခဲ့တဲ့ အာနည်ခေါင်းဆောင်တွေရဲ့ စိတ်ဓာတ်ကို လက်ဆင့်ကမ်းအမွေအဖြစ် သယ်ဆောင်ပြီးတော့ပေါ့နော် ကျွန်တော်တို့ ဘယ်လိုပဲ အခက်အခဲ ကြုံကြုံ အာဇာနည်စိတ်ဓာတ်နဲ့ ကျော်လွှားကြဖို့ ရည်ရွယ်ပြီးတော့ အာဇာနည်မျိုး သေရိုးမရှိ ဆိုတာကို ကိုင်စွဲ ပြီးတော့ အဲလိုကြွေးကြော်သံတွေနဲ့ ချီတက်ဆန္ဒပြခဲ့တာ။ ဒါကတော့တစ်ခုပေါ့နော်။ နောက်တစ်ခုက မနက် ၁၀ နာရီ ၃၇ မိနစ်မှာ ရပ်ကွက်တစ်ခုနဲ့ ပေါင်းပြီးတော့ပေါ့နော် အာဇာနည်နေ့ အခမ်းအနား အလေးပြုသပိတ်ပြုလုပ်ခဲ့ပါတယ်”

monya-martyrs-day.jpg
(အာဇာနည်နေ့မှာ မုံရွာမြို့ကလူငယ်တွေ စစ်အာဏာရှင်ဆန့်ကျင်ဆန္ဒပြစဥ်) Photo: Myint Maung Maung

မုံရွာမြို့မှာ လွန်ခဲ့တဲ့ ၂၀၁၄ ခုနှစ်ကပင်စပြီးတော့ အာဇာနည်နေ့ကိုရောက်တိုင်း မြို့လယ်မှာရှိတဲ့ ဗိုလ်ချုပ် ကြေးရုပ်ရှေ့မှာ နှစ်စဉ်သွားရောက်ဂါရဝပြုခဲ့ကြပေမယ့် ဒီနှစ်မှာတော့ အဲဒီနေရာမှာ ရဲတွေအစောင့်ချထားလို့ ဗိုလ်ချုပ်ကြေးရုပ်ရှေ့မှာ အခမ်းအနားမလုပ်နိုင်ခဲ့ဘူးလို့ ဆိုပါတယ်။

ဒါကြောင့် ရပ်ကွက်တစ်ခုထဲမှာ ဂါရပြုအခမ်းအနားလုပ်ရာမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရောက်လာလို့ အနီးမှာရှိနေတဲ့ လူငယ်လေးဦးခန့် ဖမ်းဆီးခံခဲ့ရသလို ဆိုင်ကယ်အစီး ၃၀ လောက်လည်း သိမ်းဆည်းခံလိုက် ရတယ်လို့ ကိုခန့်ဝေဖြိုးက ပြောပါတယ်။

ရန်ကုန်မြို့မှာတော့ ဒီနေ့မှာကျရောက်တဲ့ အာဇာနည်နေ့အတွက် ရည်ရွယ်ပြီးတော့ ပြီးခဲ့တဲ့ ဇူလိုင်လ ၁၆ ရက်နေ့လောက်ကပင် အွန်လိုင်းလှုပ်ရှားမှုတွေနဲ့ မြေပြင်သပိတ်တွေကို စတင်ပြုလုပ်ခဲ့ကြတယ်လို့ အဲဒီ လှုပ်ရှားမှုမှာ ပါဝင်တဲ့လူငယ်တွေက ပြောပါတယ်။

မြန်မာနိုင်ငံမှာ အာဇာနည်ကိုးဦးအပြင် လူမျိုးစုတွေမှာအသီးသီးရှိကြတဲ့ အာဇာနည်တွေ၊ ဖက်ဒရယ်ဒီမိုကရေ စီနဲ့ လူ့အခွင့်အရေးတိုက်ပွဲတွေမှာ ကျဆုံးသွားတဲ့ ရဟန်းရှင်လူကျောင်းသားတွေကိုပါ အာဇာနည်တွေအဖြစ် ဂုဏ်ပြုဦးညွတ်ရင်းနဲ့ ဒီလှုပ်ရှားမှုတွေလုပ်ခဲ့ကြတာလို့ ဆိုပါတယ်။

ရန်ကုန်မြို့လှုပ်ရှားမှုတွေမှာ ပါဝင်သူတစ်ဦးဖြစ်တဲ့ ကိုမောင်စိမ့် ကတော့ မြန်မာနိုင်ငံမှာ စစ်တပ်ကအာဏာ သိမ်းတာကိုကြုံနေရတဲ့အတွက် အာဇာနည်ခေါင်းဆောင်ကြီးတွေ လိုလားတဲ့တိုင်းပြည်အဖြစ်ကို မရောက် သေးဘဲ နောက်ပြန်ဆုတ်ပြန်နေတဲ့အခြေအနေလို့မြင်ကြောင်း ပြောပါတယ်။

”အာဏာမသိမ်းခင်ကာလကလည်း ကရင့်အာဇာနည်ခေါင်းဆောင် စောဘဦးကြီးရဲ့ရုပ်တုကို ဖယ်ရှား ခံရတဲ့ကိစ္စနဲ့ ဖြိုဖျက်ခံရတဲ့ ကိစ္စတို့ ဒါတွေက တိုင်းပြည်ရဲ့အနာဂတ်နဲ့ ဖက်ဒရယ်ဒီမိုကရေအရေးကို သတ်ပစ်ရာကျပါတယ်။ အဲဒီကာလတွေမှာလည်း ဒီပြဿနာရှိခဲ့သလို အခုလက်ရှိကာလမှာက ပြောစရာ တောင် မလိုတော့ဘူးပေါ့ဗျာ။ တိုင်းပြည်ကို အာဏာသိမ်းပြီးတော့ သတ်ချင်တိုင်းသတ်၊ ဖြတ်ချင်တိုင်း ဖြတ်လုပ်နေတဲ့ကိစ္စကတော့ ကျွန်တော်တို့ ခေါင်းဆောင်ကြီးတွေလိုလားတဲ့ တိုင်းပြည်ကိုတော့ ရောက်ကို မရောက်သေးဘူးလို့ ပြောလို့ရတယ်။ နောက်ကိုမရောက်သေးသလို နောက်ပြန်တောင်ဆုတ်သွားတယ်လို့ ပြောလို့ရပါတယ်ဗျ”

မလေးရှားနိုင်ငံရောက် အမိမြေချစ်သူများအဖွဲ့ We Love Mother Land (Malaysia) ကလည်း ဒီကနေ့ ကျရောက်တဲ့ အာဇာနည်နေ့ အထိမ်းအမှတ်အခမ်းအနားကို ကိုရိုနာကပ်ရောဂါကြောင့် အွန်လိုင်းကနေ ပြုလုပ်ခဲ့ကြပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းနဲ့တကွ အာဇာနည်ခေါင်းဆောင်ကြီးတွေအပြင် စစ်အာရှင်ဆန့်ကျင်ရေး နွေဦးတော်လှန် ရေးမှာ အသက်ဆုံးခဲ့ကြတဲ့ ရဟန်းရှင်လူကျောင်းသားပြည်သူတွေကိုပါ ဦးညွှတ်အလေးပြုခဲ့ပြီး စစ်အာဏာရှင် စနစ် အမြစ်ပြတ်ရေးအတွက် နည်းပေါင်းစုံနဲ့ ကူညီသွားဖို့ သိဓိဌာန်ချမှတ်ခဲ့ကြောင်း အွန်လိုင်းအခမ်းအနားမှာ ပါဝင်ခဲ့သူတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီခေါင်းဆောင်တွေနေထိုင်တဲ့ နေပြည်တော်မှာတော့ ချီတက်အလေးပြုတာတွေ၊ အာဇာနည်နေ့ အထိမ်းအမှတ်ပွဲတွေကို မတွေ့ရပါဘူး။

နှစ်စဉ် လူထောင်ချီတက်ရောက်ဂါရဝပြုလေ့ရှိတဲ့ နေပြည်တော် ပျဉ်းမနားမြို့လယ်က ဗိုလ်ချုပ်ကြေးရုပ် အနီးမှာလည်း ရဲတပ်ဖွဲ့က လုံခြုံရေးချထားတာကိုတွေ့ရသလို လာရောက်ဂါရပြုတာတွေလည်း ဒီနှစ်မှာ မရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။