ပြည်သူအရည်အချင်းရှိရင် အရည်အချင်းမဲ့ အစိုးရတက်ဖို့ ခက်ခဲကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား


2018.08.09
dassk-pakokku-talk-622.jpg မကွေးတိုင်း ပခုက္ကူမြို့ အရှေ့ ချောက်ကန် ကျေးရွာမှာ ပြုလုပ်တဲ့ ငြိမ်းချမ်းရေး စကားဝိုင်းမှာ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ၂ဝ၁၈ ခုနှစ် သြဂုတ်လ ၉ ရက်နေ့က တွေ့ရစဉ်
Photo: Htet Arkar/RFA

ပြည်သူလူထုသာ အရည်အချင်းပြည့်ဝခဲ့မယ်ဆိုရင် အချည်အချင်းမဲ့တဲ့ အစိုးရတစ်ရပ် အာဏာရလာဖို့ဆိုတာ ခက်ခဲကြောင်း နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ငြိမ်းချမ်းရေး စကားဝိုင်းမှာ ပြောခဲ့ပါတယ်။

ဒီကနေ့ မကွေးတိုင်း ပခုက္ကူမြို့ အရှေ့ ချောက်ကန် ကျေးရွာမှာ ပြုလုပ်တဲ့ ငြိမ်းချမ်းရေး စကားဝိုင်းမှာ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အခုလို ပြောလိုက်တာဖြစ်ပါတယ်။

"ပြည်သူလူထု အရည်အချင်းပြည့်ဝလို့ရှိရင် အရည်အချင်းအစိုးရတစ်ခု တက်ဖို့ဆိုတာ အင်မတန်မှ ခက်ပါတယ်၊ မဖြစ်နိုင်ဘူးလို့ ပြောတာမဟုတ်ဘူးနော် ဖြစ်ခဲ့ပါတယ်၊ အင်မတန်မှ ပြည်သူလူထုက အရည်အချင်းရှိတဲ့ နိုင်ငံတွေမှာ မထင်မမှတ်ပဲနဲ့ အရည်အချင်းမရှိဘူး သို့မဟုတ် ကောင်းတဲ့အရည်အချင်းနဲ့ မပြည့်စုံတဲ့ ခေါင်းဆောင်တွေ အုပ်စိုးသွားတာတွေလည်း သမိုင်းမှာ ရှိခဲ့ပါတယ် ဒါပေမဲ့လည်း ပြည်သူလူထုကနေပြီးတော့ ဆင်ခြင်တုံတရား ရှိလေလေ အစိုးရတွေ ကောင်းလေလေပဲ၊ ဆင်ခြင်တုံတရား ရှိရုံနဲ့လည်း မလုံလောက်ဘူး ပြည်သူလူထုကနေပြီးတော့ သိက္ခာရှိရှိ၊ သတ္တိရှိရှိနဲ့ ကိုယ့်ယုံကြည်ရာဘက်ကို ရပ်တည်ဖို့က အင်မတန် အရေးကြီးပါတယ်"

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အစိုးရဟာ ပြည်သူပြည်သားတွေကို တာဝန်ခံရတဲ့ အစိုးရဖြစ်ကြောင်း ပြည်သူတွေ ရွေးချယ်တင်မြှောက်လို့ တက်လာတဲ့အစိုးရဟာ ပြည်သူ၊ ပြည်သားတွေရဲ့ ဘဝတွေ အကောင်းဆုံးဖြစ်အောင်လို့ ကြိုးစားရကြောင်း အစိုးရတိုင်းဟာ ခြောက်ပြစ်ကင်းသဲလဲစင် မဟုတ်ကြောင်း မမှားတဲ့ အစိုးရဟာလည်း တစ်ခါမှ မရှိဘူးကြောင်း ပြောပါတယ်။

လက်ရှိအစိုးရအနေနဲ့ မမှန်ကန်ဘူးဆို ထောက်ပြပြောဆိုသင့်ကြောင်း အချို့မှာ အစိုးရဘာလုပ်လုပ် အပြစ်ရှာဖို့ စောင့်ကြည့်နေတဲ့သူတွေလည်းရှိနေကြာင်း ပြောပါတယ်။

NLD အစိုးရက ဦးစားပေးကြိုးပမ်းနေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ပတ်သက်လို့ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ပါဝင်နေ ကြတဲ့ အဖွဲ့အစည်းနဲ့ လူပုဂ္ဂိုလ်တွေ အားလုံးဟာ နိုင်ငံအပေါ်မှာ စေတနာထားမယ်ဆိုရင် ငြိမ်းချမ်းရေးရမယ်လို့ ပြောပါတယ်။

အသက်မွေးဝမ်းကြောင်း ပညာရေးတိုးတက်ဖို့ အစိုးရက လုပ်ဆောင်နေတာဟာလည်း မြန်မာနိုင်ငံမှာ ဘွဲ့ရပေမယ့် လည်း အလုပ်အကိုင်အခွင့်အလမ်းမရတဲ့လူတွေ အမြောက်အမြားရှိနေတဲ့အတွက် အသက်မွေးဝမ်းကြောင်းပညာကို အားပေးနေတာဖြစ်ကြောင်း နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်က ရှင်းပြသွားပါတယ်။

သိမ်းဆည်းလယ်ယာမြေ ပြန်လည်ရရှိရေးနဲ့ ပတ်သက်ပြီး တောင်သူတွေအနေနဲ့ လယ်ယာမြေ ပြန်လည်ရရှိဖို့ အတွက် လျှောက်တဲ့နေရာမှာ ရိုးသားမှုမရှိကြောင်း ဒါ့အပြင် ပြန်ပေးဖို့ဆုံးဖြတ်ပြီးပေမယ့် သက်ဆိုင်ရာဌာနတွေက မှန်မှန်ကန်ကန် မြန်မြန်ဆန်ဆန် မလုပ်နိုင်တဲ့ ပြဿနာတွေရှိနေတယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

ဒါ့အပြင် မူးယစ်ဆေးဝါး ဖမ်းဆီးရေးတွေနဲ့ ပတ်သက်ပြီး ပြည်သူတွေအနေနဲ့ တိုင်ကြားကြဖို့ လိုအပ်သလို တာဝန်ယူရမယ့် ဌာနအနေနဲ့လည်း မျက်စိမှိတ်ထားမယ်ဆိုရင် အလုပ်မဖြစ်နိုင်ကြောင်း ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။