နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ရေးဆွဲထားတဲ့ ပန်းချီကားကို လေလံတင် ရောင်း ချမယ့်အစီအစဉ်ကို ဖျက်သိမ်းပြီး အဲဒီပန်းချီကားပုံ ရိုက်နှိပ်ထားတဲ့ တီရှပ်အင်္ကျီတစ်ထည်ပေါ်မှာ ဒေါ်အောင်ဆန်း စုကြည်ရဲ့ လက်မှတ်ရေးထိုးထားတဲ့အင်္ကျီကို ကြမ်းခင်းဈေး ငွေကျပ် ၁၀ သိန်းနဲ့ လေလံတင်ရောင်းချသွားမယ်လို့ ပန်းချီကားလေလံပွဲကို ဦးဆောင်စီစဉ်တဲ့ Dream Boat Entertainment က ကိုမောင်မောင်အေး က ပြောပါတယ်။
သမိုင်းဝင်ပန်းချီကားကို တစ်ဦးတစ်ယောက်တည်း အပိုင်ရရှိထားမှာကို ပြည်သူတွေအနေနဲ့ မလိုလား တာကြောင့် နောင်လာနောင်သားတွေ ကြည့်ရှုလို့ရအောင် အခုလို စီစဉ်လိုက်တာဖြစ်တယ်လို့ ပန်းချီ ကား လေလံပွဲကို ဦးဆောင်စီစဉ်တဲ့ Dream Boat Entertainment က ကိုမောင်မောင်အေးက ပြောပါတယ်။
"ကွန်မန့်တွေမှာကတော့ ဒီပန်းချီကားကို တစ်ဦးတစ်ယောက်တည်းကို မပိုင်စေချင်ဘူးပေါ့နော်၊ ပြန်မ ရနိုင်တော့တဲ့ ပန်းချီကား တစ်ချပ်တည်းသော ပန်းချီကားဘယ်လိုမှလည်း ဒါကိုထပ်ပြီးတော့ ဆင့်ပွားဆွဲ ဖို့လည်း မဖြစ်နိုင်ဘူး၊ အဲဒီအချိန်ကာလက အဲဒီခံစားချက်နဲ့ ဆွဲခဲ့တဲ့ ပန်းချီကားဖြစ်တဲ့အတွက် အဲဒါ ကို ပြည်သူတွေအားလုံးက တစ်ဦးတစ်ယောက်တည်းလက်ထဲကို ထည့်ဖို့ကို ဆန္ဒမရှိကြဘူးဆိုတာ ကို ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းက လူကြီးတွေကလည်း သိသွားတယ်၊ သူတို့ကိုယ်တိုင်ကလည်း ဒီပန်းချီကားကို အဲလိုမျိုးပေးလိုက်တာထက်စာရင် ဒီပန်းချီကားနဲ့ ပတ်သက်တဲ့ ဆင့်ပွားပစ္စည်းတွေ ပဲ ရောင်းချပြီး ရန်ပုံငွေရှာတော့မယ်၊ အော်ရယ်ဂျင်နယ်ကိုတော့ နောင်လာနောင်သားတွေလည်း အမြဲတမ်းဒီကားကို လူတိုင်းပိုင်တယ်ဆိုတဲ့ သဘောမျိုးပေါ့နော်၊ ကျတော်တို့ အဲဒါကိုပုံစံပြောင်းလိုက် တာပါ"
အဲဒီပန်းချီကားဟာ လွန်ခဲ့တဲ့ ၂၀၀၉ ခုနှစ်က ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်ကျနေချိန် မှာ ရေးဆွဲခဲ့တာ ဖြစ်ပါတယ်။
လာမယ့် နိုဝင်ဘာလ ၂၅ရက်နေ့မှာ ဆီဒိုးနားဟိုတယ်မှာ ကျင်းပမယ့် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း ရန်ပုံငွေ ရှာဖွေရေးနဲ့ လေလံတင်ပွဲ လက်မှတ်တစ်စောင်ကို အမေရိကန်ဒေါ်လာ ၁၀၀ သတ်မှတ်ထားပြီး အင်္ကျီလေလံ တင်ရောင်းချပြီး ရရှိလာတဲ့ငွေကြေးနဲ့ လက်မှတ်ရောင်းရငွေအားလုံးကို ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းထံ လှူဒါန်းသွားမှာ ဖြစ်ပါတယ်။
လေလံပွဲလာရောက်သူတွေကိုလည်း ပန်းချီကားပုံပါတဲ့ တီရှပ်အင်္ကျီတွေ လက်ဆောင်ပေးသွားမှာ ဖြစ်ပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ရေးဆွဲထားတဲ့ ပန်းချီကားကိုတော့ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းကပဲ ဆက်လက် ထိန်းသိမ်းထားတယ်လို့ သိရပါတယ်။
