တရုတ်နိုင်ငံသားနဲ့ စီမံကိန်းတွေကို ကာကွယ်ပေးဖို့ စစ်တပ်ခန့် အစိုးရကို ဝမ်ယိတိုက်တွန်း

တရုတ်လုပ်ငန်းရှင်တွေကို ဖိတ်ခေါ်ခဲ့သလို တရုတ်နိုင်ငံသားတွေ၊ အဖွဲ့အစည်းတွေနဲ့ စီမံကိန်းတွေရဲ့ လုံခြုံရေးကို အစွမ်းကုန် ကာကွယ်စောင့်ရှောက်ပေးသွားမယ်လို့ စစ်တပ်ခန့် အစိုးရ ပြော။

တရုတ်နိုင်ငံသားတွေ၊ အဖွဲ့အစည်းတွေနဲ့ တရုတ်စီမံကိန်းတွေ လုံခြုံရေးကို အာမခံပေးဖို့ မြန်မာစစ်တပ်ခန့် အစိုးရကို တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက တိုက်တွန်းလိုက်ပါတယ်။

ဇွန်လ ၅ ရက်နေ့က ပေကျင်းမြို့မှာ စစ်တပ်ခန့်အစိုးရရဲ့ နိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေနဲ့ တွေ့ဆုံချိန်မှာ တိုက်တွန်းခဲ့တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ဇွန်လ ၅ ရက်နေ့ညက ထုတ်ပြန်ထားပါတယ်။

မစ္စတာ ဝမ်ယိက တရုတ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံရဲ့အချုပ်အခြာ အာဏာ၊ လုံခြုံရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး အကျိုးစီးပွားတွေကို ဆက်လက်ထောက်ခံမယ်လို့ ပြောကြားခဲ့သလို Belt and Road Initiative (BRI) နဲ့ တရုတ်-မြန်မာ စီးပွားရေးစင်္ကြံစီမံကိန်းတွေကို ဆက်လက်အကောင်အထည်ဖော်သွားမယ်လို့လည်း ဆိုပါတယ်။

ဒါ့အပြင် အွန်လိုင်းလောင်းကစားနဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေလို နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုတွေကို နှစ်နိုင်ငံ ပူးပေါင်းနှိမ်နင်းဖို့နဲ့ တရုတ်-မြန်မာနယ်စပ် တည်ငြိမ်ရေးကို ထိန်းသိမ်းဖို့လည်း တိုက်တွန်းခဲ့ပါတယ်။

ဦးတင်မောင်ဆွေကတော့ မြန်မာနိုင်ငံမှာ တရုတ်လုပ်ငန်းရှင်တွေ လာရောက်ရင်းနှီးမြှုပ်နှံကြဖို့ ဖိတ်ခေါ်ခဲ့သလို တရုတ်နိုင်ငံသားတွေ၊ အဖွဲ့အစည်းတွေနဲ့ စီမံကိန်းတွေရဲ့ လုံခြုံရေးကို အစွမ်းကုန် ကာကွယ်စောင့်ရှောက်ပေးသွားမယ်လို့ ပြောခဲ့ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

တရုတ်-မြန်မာဆက်ဆံရေးကို လေ့လာစောင့်ကြည့်နေတဲ့ နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးကတော့ တရုတ်အစိုးရက မြန်မာပြည်အရေးထက် မြန်မာနိုင်ငံထဲက တရုတ်နိုင်ငံသားတွေနဲ့ တရုတ်ရင်းနှီးမြှုပ်နှံမှု စီမံကိန်းတွေရဲ့ လုံခြုံရေးကို ပိုအလေးထားတာဖြစ်တယ်လို့ ပြောပါတယ်။

“တရုတ်အစိုးရက မြန်မာနိုင်ငံထဲမှာ ကျောက်ဖြူရေနက်ဆိပ်ကမ်း၊ တရုတ်-မြန်မာ စီးပွားရေးစင်္ကြံနဲ့ စွမ်းအင်ပိုက်လိုင်းစီမံကိန်းတွေ အပါအဝင် ဒေါ်လာဘီလီယံနဲ့ချီတဲ့ ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ထားပါတယ်။ အဲဒီစီမံကိန်းအများစုဟာ တိုက်ပွဲတွေ ဖြစ်နေတဲ့ ဒေသတွေနဲ့ ဆက်စပ်တည်ရှိနေတာကြောင့် တရုတ်အစိုးရက မြန်မာနိုင်ငံအရေးနဲ့ ပတ်သက်ရင် သူတို့ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေနဲ့ နိုင်ငံသားတွေရဲ့ လုံခြုံရေးကို ပိုပြီး အလေးထားတာ တွေ့ရပါတယ်”

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိဟာ စစ်တပ်ခန့် အစိုးရဖွဲ့အပြီး နှစ်ပတ်အကြာ ဧပြီလ ၂၅ ရက်နေ့မှာ မြန်မာနိုင်ငံကို လာရောက်ခဲ့ပြီး အာဏာသိမ်းခေါင်းဆောင် ဦးမင်းအောင်လှိုင်၊ နိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေတို့နဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ အဲဒီဆွေးနွေးပွဲမှာလည်း နယ်စပ်တည်ငြိမ်ရေး၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၊ ကုန်သွယ်ရေး၊ သတ္တုတူးဖော်ရေးနဲ့ ကျားဖြန့်ဂိုဏ်းနှိမ်နင်းရေး ကိစ္စတွေ ပါဝင်ပါတယ်။

မစ္စတာ ဝမ်ယိဟာ သူ့ရဲ့ မြန်မာပြည်ခရီးစဉ်အပြီး တစ်လကျော်အကြာမှာပဲ စစ်တပ်ခန့် နိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေကို တရုတ်ပြည် ဖိတ်ခေါ်ခဲ့တာဖြစ်ပါတယ်။