တနင်္သာရီတိုင်းအစိုးရဟာ ပြည်သူလူထုကျေနပ်မှု အနည်းဆုံးဖြစ်ပြီး အမှန်တကယ် အလုပ်မလုပ်ရင် ပြင်းပြင်းထန်ထန် ကိုင်တွယ်သွားမယ်လို့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တိုင်းအစိုးရအဖွဲ့ကို မနေ့က သတိပေးပြောကြားခဲ့ပါတယ်။
အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ သူသွားရောက်တွေ့ဆုံခဲ့တဲ့ တိုင်းနဲ့ပြည်နယ်တွေထဲမှာ ပြည်သူလူထုရဲ့ တင်ပြပြောဆိုချက်တွေအရ ပြည်သူရဲ့ ကျေနပ်မှု အနည်းဆုံးအစိုးရဟာ တနင်္သာရီတိုင်းအစိုးရဖြစ်ကြောင်း၊ တိုင်းအစိုးရအဖွဲ့ဝင်တွေအနေနဲ့ ပြည်သူတွေနဲ့ ထိတွေ့မှုနည်းပါးတာကို တေ့ွရှိရကြောင်း မနေ့က ထားဝယ်လေဆိပ်မှာ တိုင်းအစိုးရအဖွဲ့ဝင်တွေကို ပြောကြားခဲ့တာဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ တနင်္သာရီတိုင်း ခရီးစဉ် ၃ရက်ကြာအပြီး အပြန်မှာ တိုင်းအစိုးရအဖွဲ့ဝင်တွေကို တွေဆုံပြီး အခုလိုပြောကြားခဲ့တာပါ။
ဒါ့အပြင် မြန်မာနိုင်ငံမြောက်ဖျား၊ အရှေ့ဖျား စတဲ့ဒေသတွေကို သွားရောက်ရာမှာ အစိုးရသက်တမ်း ၃နှစ်အတွင်း သိသိသာသာ တိုးတက်လာတာကို တွေ့ရကြောင်း၊ တနင်္သာရီတိုင်းအစိုးရအနေနဲ့ တိုးတက်မှုနှေးကွေးနေတာ မဖြစ်သင့်ကြောင်း၊ ဒါကို လေးလေးနက်နက် သတိပေးလိုကြောင်း သတိပေးခဲ့တယ်လို့ နိုင်င်ငံတော် အတိုင်ပင်ခံရုံးက ထုတ်ပြန်ထားပါတယ်။
ဒီသတင်းကို RFA သတင်းထောက် ကိုကျော်လွင်ဦး ပေးပို့တာပါ။