ကျော်သူရဲ့ ပန်းချီပြပွဲ ဒေါ်အောင်ဆန်းစုကြည် သွားရောက်အားပေး

ဒီကနေ့ ၂၀၁၁ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှာ အနုပညာရှင် ဦးကျော်သူက (Kyaw Thu Art Zone) ဆိုတဲ့ အမည်နဲ့ သူကိုယ်တိုင် ဖန်တီးထားတဲ့ ပန်းချီနဲ့ ဓာတ်ပုံအနုပညာ ပြပွဲကို သူ့နေအိမ်မှာ ပြုလုပ်ခဲ့ပြီး အဲဒီပွဲကို မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် တက်ရောက် အားပေးခဲ့ပါတယ်။

2011.01.01
assk_kyaw_thu_art_305_z ၂ဝ၁၁ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့က ပြုလုပ်သည့် ရုပ်ရှင်သရုပ်ဆောင် ကျော်သူ၏ ပန်းချီနှင့် ဓာတ်ပုံ အနုပညာပြပွဲတွင် မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ရစဉ်။ (Photo: RFA)
RFA

ဒီပွဲမှာ ငြိမ်းချမ်းရေးကို ရည်ရွယ်တဲ့ ၂၀၀၇ ရွှေဝါရောင် သံဃာ့လှုပ်ရှားမှု အမှတ်တရနဲ့ သူ ကြုံခဲ့ဖူးတဲ့ ရုပ်ရှင်လောကအကြောင်း ရေးဆွဲထားတဲ့ ပန်းချီကားတွေနဲ့ ဓာတ်ပုံတွေကို ပြသခဲ့တယ်လို့ ဦးကျော်သူ က RFA ကို ပြောပါတယ်။

“၁ ရက် ၁လ ၂၀၁၁ မှာ ကျနော့် အမျိုးသမီးရဲ့မွေးနေ့ ဆိုတော့ ကျနော် ဆွဲထားတဲ့ ပန်းချီကားတွေနဲ့ ရိုက်ထားတဲ့ ဓာတ်ပုံတွေကို ပြပွဲလေး Kyaw Thu Art Zone ဆိုတဲ့နာမည်နဲ့ လုပ်တယ်။ လုပ်တာကို ဒေါ်စု မနက်က လာပြီး အားပေးသွားတယ်။ ကမ္ဘာ့လူသားတွေ၊ မြန်မာပြည်သူပြည်သားတွေ ငြိမ်းချမ်းဖို့အတွက် အဓိကထားပြီး ရေးဆွဲထားတာတွေပေါ့။ စက်တင်ဘာ သံဃာ့ကိစ္စ ကျနော် အမှတ်ရတာလေးတွေ ဆွဲထားပါတယ်။ နောက် ရုပ်ရှင်လောကကို တင်စားပြီး ကျနော် Performance သဘောလေး ရုပ်ရှင်ကင်မရာနဲ့ လုပ်ထားတာလေးတွေ ပြပါတယ်”

ဦးကျော်သူရဲ့ အနုပညာပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က ဆီဆေးနဲ့ ကောက်ကြောင်းတချို့ ရေးဆွဲပေးသွားပါတယ်။ ဒေါ်အောင်ဆန်းစုကြည် လာရောက် အားပေးတဲ့အတွက် နှစ်သစ်မှာ မင်္ဂလာရှိပြီး အားတက်ရကြောင်းနဲ့ ငြိမ်းချမ်းရေးရအောင် ဝိုင်းဝန်း ကြိုးပမ်းကြဖို့ ဦးကျော်သူက လူငယ်တွေကို တိုက်တွန်းလိုက်ပါတယ်။

“အမေစုက ဆီဆေးနဲ့ ဆွဲပေးသွားတယ်။ အဲဒါကို သား ဆက်ပြီးတော့ ဆွဲလိုက်ပါ တဲ့။ ဒေါ်စုလည်း ကျနော့်ကို လာပြီး အားပေးချီးမြှင့်သွားတယ်။ အဲဒါကို ကျနော် အရမ်း ဝမ်းသာပါတယ်။ ကျနော် ပြည်သူပြည်သား အားလုံး ငြိမ်းချမ်းဖို့အတွက် လုပ်တဲ့ပွဲကို အခုလို အမေစု လာ အားပေးတာကို ကျနော် အများကြီး ကျေနပ်အားရတယ် ဝမ်းလည်းသာပါတယ်။ တိုင်းရင်းသားအားလုံး ချစ်ကြည်ညီညွတ်ပြီး ငြိမ်းငြိမ်းချမ်းချမ်း ရရှိမယ်ဆိုရင် ဒါ တဦးတယောက်ချင်းရဲ့ ငြိမ်းချမ်းရေး ရရှိမယ်လို့ ကျနော်ယုံကြည်ပါတယ်။ အများ စည်းလုံးညီညွတ်စွာ ငြိမ်းချမ်းဖို့အတွက် ကြိုးပမ်းကြပါလို့ ကျနော် တိုက်တွန်းလိုပါတယ်”

ရုပ်ရှင်ရိုက်ကူးခွင့်၊ ထုတ်လုပ် ဖြန့်ချိခွင့်တွေ ပိတ်ပင်ခံထားရတဲ့ ဦးကျော်သူဟာ လူမှုရေးလုပ်ငန်းတွေကို ဦးဆောင် လုပ်ကိုင်နေသလို အနုပညာတွေကိုလည်း ဖန်တီး ထုတ်လုပ်နေဆဲ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Anonymous
2011-01-01 18:07

We are born for Peace and Liberty