စစ်အာဏာသိမ်းပြီးနောက် NLD ပါတီဝင် ၉ဝဝ ကျော် ဖမ်းဆီးခံရ

စစ်တပ်အာဏာသိမ်းပြီးနောက် ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီဝင် ၉၁၇ ဦး ဖမ်းဆီးခံထားရပြီး ပါတီဝင် ၂၀၉ ဦးရဲ့ နေအိမ်နဲ့ ပိုင်ဆိုင်မှုတွေကို စစ်ကောင်စီက သိမ်းဆည်းခဲ့တယ်လို့ NLD ပါတီ ဗဟိုအလုပ်ကော်မတီက ဒီကနေ့ မေ ၁၀ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

ပါတီဝင် ၉၁၇ ဦးထဲက ၂၁၆ ဦး ပြန်လွတ်လာပေမယ့် ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းမြင့်၊ ဒေါက်တာ ဇော်မြင့်မောင် အပါအဝင် ၇၀၁ ဦးကတော့ ဖမ်းဆီးခံထားရဆဲဖြစ်ပါတယ်။

ဖမ်းဆီးခံရစဉ်အတွင်း နှိပ်စက်မှုတွေနဲ့ ကျန်းမာရေးစောင့်ရှောက်မှု မလုံလောက်တာကြောင့် သေဆုံးသူ ပါတီဝင် ၁၈ ဦးအထိ ရှိတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

NLD ပါတီရုံးချုပ်အပါအဝင် တိုင်းနဲ့ ပြည်နယ်ကရုံးတွေ ဖျက်ဆီးခံရမှု ၁၀၄ ကြိမ်အထိ ရှိခဲ့တယ်လို့လည်း NLD ဗဟိုအလုပ်ကော်မတီရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

စစ်ကောင်စီရဲ့ ဖမ်းဆီးနှိပ်စက်မှုနဲ့ ပစ်ခတ်သတ်ဖြတ်မှုတွေကြောင့် နိုင်ငံတစ်ဝန်း သေဆုံးခဲ့ရတဲ့ အရပ်သား ၂၂၆၉ ဦးအနက် NLD ပါတီဝင် ၃၈ ဦး ပါဝင်တယ်လို့လည်း အဲ့ဒီထုတ်ပြန်ချက်က ဆိုထားပါတယ်။

ဒါ့အပြင် လက်ရှိမှာ သွေးသောက်၊ စွန်ရဲ၊ မျိုးချစ်ညွန့်ပေါင်း နဲ့ မျိုးချစ်မဟာမိတ် စတဲ့ အဖွဲ့အစည်းတွေကလည်း NLD ပါတီဝင်တွေနဲ့ ထောက်ခံသူတွေကို ခြိမ်းခြောက်သတ်ဖြတ်မှုတွေ ပေါ်ပေါ်တင်တင် လုပ်လာနေတယ်လို့လည်း ဖော်ပြထားပါတယ်။