ထားဝယ် အထူးစီးပွားရေးဇုန် ပဏာမစီမံကိန်း တင်ဒါတွေ ခေါ်ယူမည်
2014.02.03
မြန်မာနိုင်ငံ ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်းကြီးရဲ့ ပဏာမအဆင့် စီမံကိန်းအသေးစားတွေအတွက် လုပ်ကိုင်ခွင့် လေလံတင်ဒါကို လာမယ့် ဧပြီလမှာ စတင်ခေါ်ယူမယ်လို့ သိရပါတယ်။
အဲဒီ ပဏာမ စီမံကိန်းတွေထဲမှာ မြန်မာနဲ့ ထိုင်းနိုင်ငံကြား မိုင် ၉ဝ ကျော်ရှည်တဲ့ အသွားအပြန်လမ်း၊ အသေးစားဆိပ်ခံတစ်ခု၊ ပဏာမအဆင့် စီးပွားရေးဇုန်ငယ်တစ်ခု၊ လျှပ်စစ်ဓါတ်အားပေးရုံတွေ၊ တယ်လီဖုန်းဆက်သွယ်ရေးလိုင်းတွေ၊ လူနေရပ်ကွက်တွေနဲ့ ရေပေးဝေရေးတွေ ပါဝင်ကြောင်း သိရပါတယ်။ လုပ်ကိုင်ခွင့်တင်ဒါ လျှောက်ထားတဲ့ ကုမ္ပဏီတွေကို နိုင်ငံတကာ တင်ဒါစနစ်နဲ့ အညီလေးလအတွင်း ရွေးချယ်မယ်လို့ ဆိုပါတယ်။
ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းကို ထိုင်းနိုင်ငံက အီတာလျံထိုင်းကုမ္ပဏီက ဦးဆုံးပထမ တာဝန်ယူခဲ့တာပါ။ ဒါပေမဲ့ နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုတွေ မျှော်လင့်သလောက် ဝင်ရောက်မလာခဲ့တာကြောင့် နောက်ပိုင်းမှာ အီတာလျံထိုင်းကုမ္ပဏီ နှုတ်ထွက်သွားခဲ့ပါတယ်။
ထားဝယ် အထူးစီးပွားရေးဇုန်စီမံကိန်းမှာ ရင်းနှီးမြှုပ်နှံဖို့ မြန်မာနဲ့ ထိုင်းက ဂျပန်နိုင်ငံကိုပြီးခဲ့တဲ့နှစ် ဧပြီလက ကမ်းလှမ်းဖိတ်ခေါ်ခဲ့ပါတယ်။ ဒါပေမဲ့ ဂျပန်အစိုးရရဲ့ စီးပွားရေးအကြံပေးပုဂ္ဂိုလ်က ဂျပန်အနေနဲ့ ရန်ကုန်မှာ တည်ဆောက်နေတဲ့ သီလဝါ အထူးစီးပွားရေးဇုန်စီမံကိန်းကိုသာ ၂ဝ၁၅ ခုနှစ်မတိုင်ခင်ပြီးစီးအောင် ဦးစားပေးဆောင်ရွက်မှာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ ဒါ့ပြင် ထားဝယ် ရေနက်ဆိပ်ကမ်း စီမံကိန်းဟာ အာဆီယံနိုင်ငံတွေအတွက် အရေးကြီးတဲ့ စီမံကိန်းတစ်ရပ်ဖြစ်ပါတယ်၊ ဒါပေမဲ့ ပြဿနာက စီမံကိန်းရဲ့ အလွန်တရာ ကြီးမားလှတဲ့ အရွယ်ပမာဏဖြစ်ပါတယ်။ ထားဝယ်စီမံကိန်းဟာ သီလဝါထက် ဆယ်ဆပိုပြီး ကြီးပါတယ်လို့လည်း ပြောကြားခဲ့ပါတယ်။