တနင်္သာရီတိုင်း ထားဝယ်မြို့က စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားသူ ၂၀၀ ကျော်ဟာ တစ်နှစ်အတွင်းမှာတင် စစ်ကောင်စီရဲ့ ထောင်ဒဏ်အသီးသီး အမိန့်ချခံထားရတယ်လို့ ထားဝယ်နိုင်ငံရေး အကျဉ်းသားများကွန်ရက်ရဲ့ စာရင်းတွေမှာ တွေ့ရပါတယ်။
စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ထားဝယ်အကျဉ်းထောင်ထဲမှာ ဖမ်းဆီး ထောင်ချ ခံလိုက်ရတဲ့ သူတွေကို ထားဝယ်နိုင်ငံရေး အကျဉ်းသားများကွန်ရက်က တစ်နှစ်တာအတွင်း ထုတ်ပြန်ထားတဲ့ စာရင်းတွေအရ သိရတာ ဖြစ်ပါတယ်။
စစ်အာဏာ ရှင်ဆန့်ကျင်ရေး ဆန္ဒပြသူတွေကို တခြားမဆိုင်တဲ့ ပုဒ်မကြီးတွေတပ်ပြီး အမိန့်ချနေတယ်လို့ ထားဝယ်မြို့က အမည်မဖော်လိုတဲ့ တက်ကြွလှုပ်ရှားသူ တစ်ယောက်က ပြောပါတယ်။
" စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားလို့ ဖမ်းတယ်ဆိုရင် အခုလို ပုဒ်မကြီးတွေ ကျဖို့ မဖြစ်နိုင်ဘူး။ အခုက အကြမ်းဖက်ပုဒ်မတွေ၊ ဖောက်ခွဲပုဒ်မတွေတပ်ပြီး ဖမ်းဆီးတာပေါ့။ ရှင်းရှင်းပြောရင် သူတို့ကို ဆန့်ကျင်တဲ့သူတွေကို အကြောက်တရားပုံစံမျိုး သူတို့ လုပ်လာကြတာပေါ့ "
ဖမ်းဆီး အမိန့်ချခံထားရသူတွေထဲမှာ အမျိုးသား ၁၇၉ ယောက်နဲ့ အမျိုးသမီး ၃၈ ယောက် တို့ ပါဝင်တာ တွေ့ရပြီး အများစုကတော့ ၅၀၅ (က) နဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မတွေနဲ့ စွပ်စွဲ ထောင်ချ ခံထားရတာ ဖြစ်ပါတယ်။
ဖမ်းဆီးခံထားရသူ တချို့ဟာလည်း ဥပဒေအရ ရှေ့နေခေါ်ယူ ချေပခွင့်မရကြသလို မိသားစုနဲ့ တွေ့ခွင့်မရတဲ့ အခြေအနေတွေ ရှိနေတယ်လို့ သူက ပြောပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၁၄ ရက်ကလည်း ထားဝယ်က စစ်အာဏာရှင်ဆန့်ကျင်ရေး တက်ကြွ လှုပ်ရှားသူ လူငယ်အမျိုးသား နှစ်ယောက် ထားဝယ်ထောင်တွင်း တရားရုံးကနေ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅ (က)၊ ၅၀၅ (ဂ)၊ ပုဒ်မ ၁၄၅၊ ပေါက်ကွဲအက်ဥပဒေ ၃/၅ တို့နဲ့ အလုပ်နဲ့ ထောင်ဒဏ် ၁၂ နှစ်စီ ချမှတ်ခံခဲ့ရပါတယ်။
ထားဝယ်က အသက် ၂၀ အရွယ် ကိုဟိန်းမင်းကိုကို (ခ) ဟိန်းလွင်ထူးကိုလည်း စစ်ကောင်စီ က ပုဒ်မ ၅၀၅ (က)၊ ပေါက်ကွဲအက်ဥပဒေ ပုဒ်မ ၃၊ ပေါက်ကွဲအက်ဥပဒေ ပုဒ်မ ၃/၆၊ ပုဒ်မ ၃/၅ တို့နဲ့ ပြီးခဲ့တဲ့ မတ် လ ၄ ရက်က ထောင်ဒဏ်စုစုပေါင်း ၂၈ နှစ် ချမှတ်ခဲ့ပြီး ဒါဟာ ထားဝယ် ထောင်တွင်း ဖမ်းဆီးခံထားရသူတွေထဲမှာ အများဆုံး အမိန့်ချမှတ်ခံရတာ ဖြစ်ပါတယ်။
