ထားဝယ်မှာ ပြည်သူ ၁၀ ဦး အဖမ်းခံထားရ

2022.03.11
ထားဝယ်မှာ ပြည်သူ ၁၀ ဦး အဖမ်းခံထားရ ထားဝယ်မြို့မှာ စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြသူများကို ၂၀၂၁ ခုနှစ် မေလ ၃၁ ရက်က တွေ့ရစဥ်
Photo: Citizen Journalist
တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်မှာ ဖေဖော်ဝါရီလ ၂၈ ရက်နေ့ကနေ မတ်လ ၇ နေ့အထိ ပြည်သူ ၁၀ ဦး ဖမ်းဆီးခံခဲ့ရတယ်လို့ ထားဝယ်ဒေသခံတစ်ဦးက ပြောပါတယ်။
 
ဖမ်းခံရသူတွေဟာ ထားဝယ်၊ ရေဖြူ၊ သရက်ချောင်းမြို့နယ်တွေကဖြစ်ပြီး ကနဦး ၁၅ ဦး ဖမ်းဆီးခံခဲ့ရာကနေ ငါးဦးပြန်လွတ်လာပေမယ့် ကျန် ၁၀ ဦးကတော့ ဒီနေ့အထိ ဖမ်းဆီး ထိန်းသိမ်းခံနေရဆဲဖြစ်တယ်လို့ ဖမ်းဆီးခံရ သူတွေအရေး မှတ်တမ်းတင်နေတဲ့ ထားဝယ် မြို့ခံတစ်ဦးက ပြောပါတယ်။
 
"ကျောင်းသားအရွယ်က နှစ်ယောက်၊ သုံးယောက်လောက်ပဲပါတယ်။ ကျန်တဲ့သူတွေက အသက်ကြီးပိုင်းတွေ။ ဖေဖော်ဝါရီလ ၂၈ ရက်နေ့က ဖမ်းခံရတဲ့ ရေဖြူမြို့နယ် လဲရှောင်ရွာက မသက်သက်မော်ကို ဖမ်းတုန်းကဆိုရင် သူ့အမေရော၊ သူ့ ညီမတွေရော ဖမ်းသွားတာဗျ။ ပြီးတော့ သူ့အမေနဲ့ သူ့ ညီမကို ပြန်လွှတ်လိုက်တယ်။ သူ့တစ်ယောက်ကိုတော့ ဖမ်းထား ဆဲပဲဗျ။ သူ့ကို ဘယ်လိုဖြစ်လို့ လာဖမ်းလဲဆိုတာ ကျွန်တော်တို့ မသိရဘူး"
 
သရက်ချောင်းမြို့နယ်၊ သရက်နှစ်ခွကျေးရွာက လူငယ်သုံးဦးကတော့ ဖေဖော်ဝါရီလ ၂၈ ရက်နေ့က လူငယ်တွေ ဆန္ဒပြလို့အပြီး အဲဒီအနီးမှာရှိနေစဉ် ဖမ်းဆီးခံခဲ့ရတာလို့ သူက ပြောပါတယ်။ ကျန်တဲ့သူတွေကတော့ ဘာကြောင့် ဖမ်းဆီးခံရတယ်ဆိုတာကို ရှင်းရှင်းလင်းလင်းမသိရသေးပါဘူး။
 
လက်ရှိအဖမ်းခံထားရတဲ့ ပြည်သူ ၁၀ ဦးကို ဘယ်မှာ ထိန်းသိမ်းထားတယ်ဆိုတာ မသိရသေးဘူးလို့လည်း ပြောပါတယ်။
 
ထားဝယ်နိုင်ငံရေးအကျဉ်းသားများ ကွန်ရက်ကတော့ လက်ရှိ ထားဝယ်အကျဉ်းထောင်မှာ ထောင်ချခံထားရတဲ့ အမျိုးသား ၁၅၁ ဦးခန့်နဲ့ အမျိုးသမီး ၃၄ ဦး ရှိနေတယ်လို့ မတ်လ ၆ ရက်နေ့က ထုတ်ပြန်ထားပါတယ်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။