သေမင်းတမန် မီးရထားလမ်းပြတိုက် သံဖြူဇရပ်မှာ ဖွင့်လှစ်

ဒုတိယကမ္ဘာစစ်အတွင်း ချွေးတပ်သားပေါင်း သိန်းဂဏန်းနီးပါး အသက်စတေးပြီး ထိုင်းနိုင်ငံကနေ မြန်မာနိုင်ငံ သံဖြူဇရပ်အထိ ဖောက်လုပ်ခဲ့တဲ့ သေမင်းတမန် မီးရထားလမ်းပြတိုက်ကို မွန်ပြည်နယ် သံဖြူဇရပ်မြို့မှာ ဒီနေ့ ဖွင့်လှစ်လိုက်ပါတယ်။

သေမင်းတမန် ရထားလမ်းသမိုင်းကြောင်းကို မသိသူတွေများနေပြီး ပျောက်ကွယ်လုနီးပါး ဖြစ်နေတာကြောင့် အခုလို တည်ဆောက်တာဖြစ်တယ်လို့ ပြတိုက်ကို တာဝန်ယူဆောက်လုပ်တဲ့ တလမွန် ကုမ္ပဏီဒါရိုက်တာ မင်းချမ်းထော က ပြောပါတယ်။

"ပြုပြင်မွန်းမံသူလည်း မရှိတဲ့အခါကျတော့ ဒီနေရာက ပျောက်ကွယ်လုနီးပါး ဖြစ်နေတာပေါ့၊ အဲ့ဒါကို ကျနော်တို့ က ပြန်လည်အကောင်အထည်ဖော်ပြီး အရင်ခေတ်က တီထွင်ခဲ့တဲ့အရာတွေကို အမှတ်တရဖြစ်အောင်လို့ ဒီပြတိုက်ကြီးကို ဆောက်တာပါ၊ နိုင်ငံခြားခရီးသွားတွေကို ရည်ရွယ်တဲ့အပြင် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လည်းပါတယ်၊ ဒါကလည်း နိုင်ငံခြားသားတွေကို ဆွဲဆောင်နိုင်တဲ့နေရာတစ်ခုပဲလေ၊ ထိုင်းမှာလည်း ဒီလို နာမည်ကြီးတဲ့နေရာ ရှိပြီးသားလေ၊ ကိုယ့်နိုင်ငံမှာလည်း ရှိပြီးသား ဒါပေမဲ့ ဘယ်သူမှမလုပ်တဲ့အခါ ကျနော် တို့ကစပြီး အကောင်အထည်ဖော်တာပါ၊ ပြည်တွင်းမှာလည်း သေမင်းတမန်ဆိုတာ ဘာမှန်းလည်းမသိကြဘူး၊ အဲ့ဒါကိုကျနော်တို့က ပြန်ပြီးတော့ အကောင်အထည်ဖော်တာပါ"

အဲဒီပြတိုက်မှာ သမိုင်းဝင် ပန်းချီကားတွေ၊ ရေနွေးငွေ့ရထားစက်ခေါင်း၊ ချွေးတပ်သားတွေ လမ်းဖောက်လုပ်နေတဲ့ ဓာတ်ပုံတွေနဲ့ အပျော်စီး ရထားခရီးတို အစီအစဉ်တွေ ပါဝင်တယ်လို့ သိရပါတယ်။

ထိုင်းနိုင်ငံ ဘန်ပေါင်မြို့ကနေ သံဖြူဇရပ်မြို့အထိ ၁၇၅ မိုင်ရှည်တဲ့ သေမင်းတမန်ရထားလမ်းကို လွန်ခဲ့တဲ့ ၁၉၄၂ ခုနှစ် နိုဝင်ဘာလ ဒုတိယကမ္ဘာစစ်ကာလမှာ ဂျပန်တွေက ဖောက်လုပ်ခဲ့တာဖြစ်ပါတယ်။

အဲဒီရထားလမ်း ဖောက်လုပ်စဉ် တိုင်းရင်းသား ၈သောင်း ကျော်၊ မဟာမိတ်တပ်သား တစ်သောင်းကျော်တို့ အသက်ဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။

ပြတိုက်ဖွင့်ပွဲကို မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအုန်းမြင့်နဲ့ အစိုးရအဖွဲ့ဝင်တွေ၊ မီးရထားလမ်း ဖောက်လုပ်စဉ်က ပါဝင်ခဲ့တဲ့ ဂျပန်လူမျိုးတစ်ဦးလည်း တက်ရောက်ခဲ့ပါတယ်။

ထိုင်းနိုင်ငံ ကန်ချနဘူရီမြို့မှာလည်း သေမင်းတမန် ရထားလမ်း အထိမ်းအမှတ်ပြတိုက်ကို ဖွင့်လှစ်ထားပါတယ်။