ဒီးမော့ဆိုမှာ လေကြောင်းဗုံးကြောင့် အရပ်သားတစ်ဦးသေ၊ တစ်ဦး ဒဏ်ရာရ

2022.03.11
ဒီးမော့ဆိုမှာ လေကြောင်းဗုံးကြောင့် အရပ်သားတစ်ဦးသေ၊ တစ်ဦး ဒဏ်ရာရ ဒီးမော့ဆိုမြို့နယ်မှာ စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးခဲ့သည့် နေအိမ်များကို တွေ့ရစဥ်
Photo: KNDF
ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ဒေါရောက်ခူကျေးရွာမှာ စစ်ကောင်စီတပ်က မတ်လ ၁၁ ရက် ဒီနေ့မနက် အစောပိုင်းက တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ရာမှာ အရပ်သားတစ်ဦး သေဆုံးပြီး တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
 
သေဆုံးထိခိုက်သူတွေရဲ့ အသက်နဲ့ အမည်တွေကိုတော့ မသိရသေးပါဘူး။
 
စစ်ကောင်စီတပ်က တိုက်လေယာဉ်နှစ်စင်းနဲ့ မနက် ၂ နာရီဝန်းကျင်မှာ တစ်ကြိမ်၊ မနက် ၇ နာရီဝန်းကျင်မှာ တစ်ကြိမ် စစ်ဘေးဒုက္ခသည်တွေ ခိုလှုံနေတဲ့ ဒေါရောက်ခူကျေးရွာကို တိုက်ခိုက်ခဲ့တာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။
 
"ဒီမှာလာနေတာ ပိုလုံခြုံတယ်ထင်လို့ လာနေတာ။ အခု ဗုံးကြဲတော့ လူတွေ ထိတယ်။ သေတဲ့သူလည်းရှိတယ်။ ကြောက်တော့လည်း ဘာမှ မတတ်နိုင်ဘူးလေ”
 
ဒီနေ့မနက်က တိုက်ခိုက်မှုကြောင့် ဒေသခံတွေ ထပ်မံထွက်ပြေးတိမ်းရှောင်ခဲ့ကြရတယ်လို့ ဆိုပါတယ်။
 
ဒီနေ့တိုက်ခိုက်မှုနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က ထုတ်ပြန်လာတာ မတွေ့ရသေးပါဘူး။ အရပ်သားတွေ ထိခိုက်သေဆုံးတဲ့ကိစ္စနဲ့ ပတ်သက်လို့ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်း ကို RFA က ဆက်သွယ်မေးမြန်းဖို့ ကြိုးစားနေဆဲ ဖြစ်ပါတယ်။
 
မတ်လ ၁၀ ရက်နေ့ကလည်း ဒေါငံခါးကျေးရွာဘက်မှာ လေကြောင်းကနေ တိုက်ခိုက်ရာမှာ အိုမင်းမစွမ်း သီလရှင်ကျောင်းကို ဗုံးကျရောက် ပေါက်ကွဲပြီး ပျက်စီးသွားခဲ့ပါတယ်။
 
ကယားပြည်နယ်မှာ မတ်လ ပထမအတွင်းမှာပဲ သေဆုံးတဲ့ အရပ်သား ရှစ်ဦးရှိနေပြီလို့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) က မတ်လ ၉ ရက်နေ့က ထုတ်ပြန်ထား ပါတယ်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။