ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် သေးဆူလဲကျေးရွာနဲ့ ဘုရားငုတ်တိုကျေးရွာ ကျောက်ဆည်ကန်အနီးမှာ ဒီနေ့ သုံးရက်မြောက်အဖြစ် နှစ်ဖက်တိုက်ပွဲတွေဖြစ်နေတယ် လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
စစ်ကောင်စီတပ်က အင်အားသုံး ထိုးစစ်ဆင်နေတာကြောင့် တိုက်ပွဲတွေ ဆက်လက် ပြင်းထန်နေတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။
"ဒီနေ့လည်း တိုက်ပွဲအခြေအနေက သေးဆူလဲမှာလည်း ဖြစ်နေတယ်။ ကျောက်ဆည် ကန်မှာလည်း ဖြစ်နေတယ်။ သေးဆူလဲဆိုရင် ဒေါငံခါးနဲ့ သိပ်မဝေးတော့ဘူး။ မိုးဗြဲကနေ ဒီးမော့ဆိုအထိ လေးမိုင်လောက်ရှိတယ်။ အဲဒီတစ်လျှောက်ကို စစ်ကောင်စီက ထိန်းချုပ် ထားချင်တဲ့ ပုံစံမျိုးနဲ့ အသားကုန်ထိုးစစ်ဆင်တယ်။ အခုပဲကြည့် ရဟတ်ယာဉ်တစ်စင်းနဲ့ လာပစ်သွားတာရှိတယ်။ မနေ့ကလည်း လေယာဉ်နဲ့ ရှစ်ကြိမ်လောက် လာကြဲထားတာ ရှိတယ်ခင်ဗျ"
မတ်လ ၅ ရက်နေ့မှာ စစ်ကောင်စီက နန်းမယ်ခုံဒေသကနေ သေးဆူလဲကျေးရွာအနီးနဲ့ ငွေတောင်ကျေးရွာအုပ်စု ဘက်ကို ထိုးစစ်ဆင်ရာကနေ ဒီနေ့အထိ တိုက်ပွဲပြင်းထန်နေတာ လို့ ပြောပါတယ်။
ဒီတိုက်ပွဲတွေထဲမှာ ဒီးမော့ဆို၊ လွိုင်ကော်၊ ဖယ်ခုံ၊ မိုးဗြဲ PDF တပ်ဖွဲ့တွေအပြင် CTU နည်းပညာလက်ရုံးရေးတပ်၊ အလယ်ပိုင်းတိုင်း အထူးစစ်ဆင်ရေး၊ KGZ တို့က ပူပေါင်း တိုက်ခိုက်နေတာလို့ ဆိုပါတယ်။
ဒီနေ့ နှစ်ဖက်တိုက်ပွဲ နောက်ဆုံးအခြေအနေကို မသိရသေးပါဘူး။ မတ်လ ၆ ရက် မနေ့က ကျောက်ဆည်ကန်တိုက်ပွဲမှာတော့ စစ်ကောင်စီဘက်က စစ်ကြောင်းမှူးအပါအဝင် စစ်သား ၅၀ ခန့် သေဆုံးပြီး နှစ်ယောက်ကို ဖမ်းမိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ် ဒီးမော့ဆို (DMO-Local PDF) က ထုတ်ပြန်ထားပါတယ်။
အဲဒီတိုက်ပွဲမှာ ဒေသခံ ကာကွယ်ရေးအဖွဲ့တွေဘက်က ထိခိုက်သူတချို့ ရှိခဲ့သလို သေးဆူလဲကျေးရွာဘက်က တိုက်ပွဲမှာလည်း PDF ဘက်က လေးယောက်ထိခိုက်ခဲ့တယ် လို့ ဆိုပါတယ်။
အလားတူ မတ်လ ၅ ရက်နေ့က တိုက်ပွဲမှာလည်း စစ်ကောင်စီဘက်က ၃၅ ယောက်ခန့် ကျဆုံးနိုင်တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ် ဒီးမော့ဆို (DMO-local PDF)ရဲ့ ပြန်ကြားရေး တာဝန်ခံက ပြောဆိုထားပါတယ်။
ဒီထုတ်ပြန်ပြောဆိုချက်တွေနဲ့ ပတ်သက်လို့ RFA အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။ နှစ်ဖက်တိုက်ပွဲအခြေအနေတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီပြောခွင့်ရသူ ပြန်ကြားရေး ဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဆက်သွယ်မေးမြန်းဖို့ ကြိုးစား နေဆဲ ဖြစ်ပါတယ်။
ကယားပြည်နယ်ထဲမှာ ဖေဖော်ဝါရီလ ၂၅ ရက်နေ့ နန်းမယ်ခုံဒေသမှာ တိုက်ပွဲမဖြစ်ခင် အထိ စစ်ဘေး ဒုက္ခသည်ပေါင်း တစ်သိန်းခုနစ်သောင်းခန့် ရှိခဲ့ပြီး လက်ရှိ မတ်လအထိ တိုက်ပွဲတွေကြောင့် စစ်ဘေးဒုက္ခသည် နှစ်သိန်းခွဲအထိ ရှိလာနိုင်တယ်လို့ ကရင်နီ စစ်ဘေးရှောင် ကူညီစောင့်ရှောက်ရေး ကွန်ရက်က RFA ကို ပြောဆိုထားပါတယ်။