ဒီးမော့ဆိုမြို့ ရွာသုံးရွာ ဂျက်တိုက်လေယာဉ်တွေနဲ့ တိုက်ခိုက်ခံရ

ကယား (ကရင်နီ) ပြည်နယ် ဒီးမော့ဆိုမြို့ ဆောင်ဒူလာရွာကို စစ်ကောင်စီတပ်က ဂျက် တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ဒေသခံ သုံးဦး ဒဏ်ရာရပြီး နေအိမ် သုံးလုံးနဲ့ ခရစ်ယာန်ဘုရားကျောင်း ပျက်စီးခဲ့ရသလို သေးဆူလဲနဲ့ ပူဖားကျေးရွာလည်း ထပ်မံ တိုက်ခိုက်ခံရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မတ်လ ၈ ရက် မနက်အစောပိုင်း နှစ်နာရီလောက် ဆောင်ဒူလာရွာမှာ လူတွေ အိပ်မောကျနေတဲ့ အချိန် ဂျက်တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက် ခံလိုက်ရတာလို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

" ဒီမနက် နှစ်နာရီလောက်မှာ လာတဲ့အချိန် အသံမကြားရဘူး၊ အိပ်ပျော်နေကြတယ်။ ဗုံးကြဲတဲ့အခါ တော့ လန့်နိုးပြီး လေယာဉ်သံကြားတော့တယ်။ အဓိက ဘုရားကျောင်း ကို ပစ်မှတ်ထားပြီး တိုက်သွားတာလို့ပဲ ထင်ပါတယ်။ ဘုရားကျောင်းရဲ့ ပြတင်းတံခါးတွေ၊ မျက်နှာကြက်တွေ၊ မှန်တွေ၊ ဘုန်းကြီးနေအိမ် တစ်လုံး ပျက်စီးသွားတယ်။ ရစရာ မရှိတော့ဘူး။ ခန်းမဆောင်တစ်လုံးက သွပ်ရယ်၊ အကာရယ် တော်တော် ပျက်စီး သွားတယ် "

ဂျက်တိုက်လေယာဉ်ပေါ်ကနေ ဗုံးနှစ်လုံး ကြဲချခဲ့ပြီး တစ်လုံးကတော့ မကွဲဘဲ မြေကြီးထဲမှာ ကျန်နေသေးတယ်လို့လည်း ဆိုပါတယ်။

ဆောင်ဒူလာရွာဟာ စစ်ဘေးဒုက္ခသည်တွေ အများစု လာရောက်နေထိုင်ကြတဲ့ ရွာဖြစ်ပြီး ဒီကနေ့ မနက် ခုနစ်နာရီခွဲအချိန်ကလည်း ဒီးမော့ဆိုမြို့နယ် သေးဆူလဲနဲ့ ပူဖားရွာ တစ်လျှောက်က လူနေအိမ်တွေကို ဂျက်တိုက်လေယာဉ် သုံးစင်းနဲ့ ပစ်ခတ်ခဲ့တယ်လို့ ကရင်နီအမျိုးသား ပြည်သူ့ကာကွယ်ရေးတပ် (KNDF-B08) က ဒီနေ့မနက်က သတင်း ထုတ်ပြန်ထားပါတယ်။ အဲဒီ ရွာတွေထဲမှာ တိုက်ပွဲတွေကြောင့် လူတွေ မနေတော့လို့ အိမ်တွေပဲ ပျက်စီးခဲ့ရာ အရေအတွက် အတိအကျတော့ မသိရသေးဘူးလို့ ပြောပါတယ်။

အဲဒီဒေသဟာ လက်ရှိ မြေပြင်မှာ တိုက်ပွဲဖြစ်ပွားတာမရှိဘဲ စစ်ကောင်စီတပ်က လေကြောင်းကနေ တိုက်ခိုက်နေတာတွေကြောင့် ပြည်သူတွေအနေနဲ့ လေကြောင်း တိုက်ခိုက်မှုတွေအတွင်း ဆောင်ရန်၊ ရှောင်ရန် တွေလုပ်ကြဖို့ KNDF က တိုက်တွန်း ထားပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၆ ရက်ကစပြီး မိုးဗြဲမြို့ကနေ တစ်ဆင့် နန်းမယ်ခုံ၊ ဒီးမော့ဆိုမြို့နယ် ထဲကို လက်ရှိ အချိန်ထိ စစ်ကောင်စီတပ်က စစ်ကြောင်းထိုး တိုက်ခိုက်နေပြီး တင့်ကားတွေ အပါအဝင် ဂျက်တိုက်လေယာဉ်တွေနဲ့ပါ ပစ်ခတ်နေတာလို့ ပြောပါတယ်။

စစ်ကောင်စီဘက်ကတော့ လေကြောင်း တိုက်ခိုက်မှုတွေမှာ လေယာဉ်ပေါ်က ဒုံးကျည်နဲ့ ပစ်ခတ်တိုက် ခိုက်တာရှိပေမယ့် ဗုံးကြဲတာမျိုးတော့ မရှိဘူးလို့ စစ်ကောင်စီရဲ့ ပြောခွင့်ရသူ ပြန်ကြားရေး ဒု-ဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်းက RFA ကို ဖြေဆိုခဲ့ဖူးပါတယ်။ ဒီမနက် ဂျက်တိုက်လေယာဉ်နဲ့ ပစ်ခတ်မှု အခြေအနေတွေ ကိုလည်း ဆက်သွယ်မေးမြန်းဖို့ ကြိုးစားနေပါတယ်။

စစ်တပ်အာဏာသိမ်းပြီး တစ်နှစ်ကျော်အတွင်း ကယား (ကရင်နီ) ပြည်နယ်ထဲက တိုက်ပွဲ တွေကြောင့် စစ်ဘေးဒုက္ခသည် စုစုပေါင်း ၁၇၀,၀၀၀ (တစ်သိန်းခုနစ်သောင်း) ကျော် ရှိနေပြီလို့ ကရင်နီ လူ့အခွင့် အရေး (KnHRG) အဖွဲ့က ဖော်ပြထားပါတယ်။