ရှမ်း - ကယားနယ်စပ် မိုးဗြဲဒေသကနေ စတင်လာတဲ့ စစ်ကောင်စီတပ်ရဲ့ အင်အား အလုံးအရင်းနဲ့ ထိုးစစ်တွေကြောင့် ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၄ ရက်မှာ ကရင်နီပြည်နယ်၊ နန်းမယ်ခုံဒေသကို ကရင်နီ ဒေသခံ ကာကွယ်ရေးတပ်တွေ ဆုတ်ခွာပေးလိုက်ရပါတယ်။
အဲဒီနောက်မှာတော့ စစ်ကောင်စီတပ်တွေဟာ နန်းမယ်ခုံဒေသကနေ ဒီးမော့ဆိုမြို့နယ်ရှိရာ လမ်းတစ်လျှောက်ကို စစ်ကြောင်း နှစ်ကြောင်းအပြင် လေကြောင်း စစ်ကူတွေ၊ မြေပြင် အတွဲလိုက်ပစ် ဒုံးစနစ်လို့ခေါ်တဲ့ MLRS (Multiple Launch Rocket System) ယာဉ်တွေနဲ့ပါ တိုက်ခိုက်လာပါတယ်။
မတ်လ ၁၂ ရက် မနေ့ကတော့ စစ်ကောင်စီတပ်ဘက်က ခုလို ပစ်ခတ်မှုတွေကြောင့် ဒေါငံခါး ဒေသကိုပါ ဆုတ်ခွာပေးလိုက်ရတယ်လို့ ကရင်နီ အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDF) ရဲ့ ပြန်ကြားရေးတာဝန်ခံက RFA ကို ပြောပါတယ်။
“ မနက်ကတည်းက မနက် ၄ နာရီခွဲကတည်းက သူတို့စပြီး သူတို့ ၁၂၀ မမ နဲ့ ထုတာ ပေါ့လေ။ မနေ့က တိုက်ပွဲ တစ်နေကုန်နီးပါး ဖြစ်ပွားတယ်။ သူတို့ ၆၀ မမ၊ ၈၀ မမ၊ ၁၂၀ မမ ရယ် တာဝေးပစ် လက်နက်ကြီးတွေကို အဆက်မပြတ်ထုနေတာ လုပ်ဆောင် နေတယ်။ အထူးသဖြင့် မနေ့ညကဆိုရင် သူတို့တွေက အတွဲလိုက်ပစ် လောင်ချာကားပါ သုံးလာတာကို ကျွန်တော်တို့ မြင်ရတယ်။ ကျွန်တော်တို့ ဒါတွေကို ကြုံနေရတာပေါ့လေ။ ကျွန်တော်တို့ နေရာဖယ်ပေးရတယ် ဆိုတာထက် စစ်ရေးသဘောအရ တက်တာရှိမယ်၊ ဆုတ်တာရှိမယ် ဒီလိုပါပဲ။ အဲဒီ သဘောတရားပေါ့လေ ”
ဒီတိုက်ပွဲ မတိုင်ခင်က နန်းမယ်ခုံဒေသကို ရရှိထားတဲ့ စစ်ကောင်စီတပ်ဟာ ဒေါငံခါး မရောက်ခင် သေးဆူလဲကျေးရွာအနီးမှာ စစ်ကြောင်း နှစ်ကြောင်းထိုးပြီး ၁ဝ ရက်ခန့် တိုက်ပွဲဖြစ်ခဲ့သလို ဒီးမော့ဆိုမြို့ရဲ့ အရှေ့ မြောက်ဘက်ခြမ်းက ငွေတောင်ကျေးရွာအုပ်စု၊ ကျောက်ဆည်ကန် အနီးမှာလည်း စစ်ကြောင်းတစ်ကြောင်းနဲ့ တိုက်ပွဲတွေ ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၃ ရက်နေ့က စစ်ကောင်စီတပ်ရဲ့ ဒု-ဗိုလ်ချုပ်မှူးကြီး စိုးဝင်းဟာ ကယားပြည်နယ်ကို လာရောက်ပြီးနောက်ပိုင်း စစ်ကောင်စီတပ်က နယ်မြေစိုးမိုးရေး အတွက် စစ်ရေးအရှိန်မြင့် လှုပ်ရှားလာတာလို့ KNDF ရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
"နောက်ထပ် တိုက်မယ့် နေရာတွေ က သူတို့ကို တိုက်ခိုက်နေတဲ့ အမာခံရွာတွေ၊ နေရာတွေကို ဆက်ပြီး တိုက်ခိုက်ဖို့ လုပ်မှာ ပေါ့ဗျာ။"
စစ်ကောင်စီတပ်တွေ ကယားပြည်နယ်ထဲ အခုလို နယ်မြေစိုးမိုးဖို့ လုပ်လာတာဟာ စစ်ကောင်စီ ဒု-ဗိုလ် ချုပ်မှူးကြီး စိုးဝင်း လာရောက်ခဲ့တဲ့ ခရီးစဉ်နဲ့လည်း ဆိုင်တယ်လို့ CDM ဗိုလ်ကြီး ကောင်းသူဝင်းက ပြောပါတယ်။
စစ်ကောင်စီတပ်က လက်ရှိ ကယားပြည်နယ်မှာ နယ်မြေတချို့ ရထားပေမယ့် နယ်မြေ တွေကို ကြာကြာ ထိန်းထားနိုင်ဖို့ အခက်အခဲရှိနေမှာလို့ သူက သုံးသပ်ပါတယ်။
"ရထားတဲ့နေရာတွေကို အကြာကြီး သူတို့တပ်တွေ ထိုင်ပြီး မထားနိုင်ဘူးဗျ။ နောက်ပိုင်း အနေကြာလာရင် အဲဒီတပ်တွေကို လိုအပ်တဲ့ ထိုးစစ်ဆင်တဲ့နေရာတွေကို သုံးရမှာပဲဗျ။ ထိန်းထားတဲ့နေရာက စစ်သည် အင်အားတွေကိုထုတ်ပြီး အစုအဖွဲ့လိုက်ဖြစ်ဖြစ်၊ နည်းနည်းလေးပဲ ဖြစ်ဖြစ် ရွှေ့ပြောင်းတာတွေ ရှိမှာပဲ။ နောက်ထပ် တိုက်မယ့် နေရာတွေ က သူတို့ကို တိုက်ခိုက်နေတဲ့ အမာခံရွာတွေ၊ နေရာတွေကို ဆက်ပြီး တိုက်ခိုက်ဖို့ လုပ်မှာ ပေါ့ဗျာ။ တိုက်ခိုက်တဲ့နေရာမှာ ဝေဟင်က လေယာဉ်နဲ့ တိုက်ခိုက်တာရှိသလို ဒုံးတို့၊ အမြောက်တို့နဲ့ ပစ်မယ်။ အဲဒါပြီးရင် မြေပြင်ခြေလျင်တပ်က နယ်မြေသိမ်းတာ လုပ်ရမှာပဲ "
စစ်ကောင်စီတပ်ဟာ လူအသုံးပြုပြီး ပစ်ခတ်ရတဲ့ အတွဲလိုက် ပစ်ဒုံးစနစ်တစ်မျိုးကို ရခိုင်ပြည်နယ်အတွင်း ရက္ခိုင့်တပ်တော် (AA) နဲ့ တိုက်ပွဲတွေမှာ သုံးလေ့ရှိပြီး အခုလို အတွဲလိုက်ပစ်ဒုံးစနစ် (MLRS) ယာဉ်ကို အခု ကယားပြည်နယ်ထဲမှာ အသုံးပြုတာကတော့ ပထမဆုံးအကြိမ် တွေ့လာရတာ ဖြစ်တယ်လို့ သူက ဆိုပါတယ်။
CDM လုပ်ထားတဲ့ ဗိုလ်ကြီး ညီသုတကလည်း စစ်ကောင်စီတပ်ဟာ လက်ရှိရယူထားနိုင်တဲ့ နယ်မြေတွေကို ထိန်းထားဖို့ မလွယ်ကူသလို ကယားပြည်နယ်အတွင်းက ဒေသခံ ကာကွယ်ရေးတပ်တွေဟာ အင်အား အသာရှိနေတာကြောင့် ရေရှည်မှာ ဆုံးရှုံးဖို့ပဲ ရှိနေတယ်လို့ သုံးသပ်ပါတယ်။
စစ်ကောင်စီဟာ ကယားပြည်နယ်ကို နေပြည်တော်အတွက် ခြိမ်းခြောက်နေတဲ့ ဒေသလို့ ရှုမြင်နိုင်တာကြောင့် အခုလို ထိုးစစ်ဆင် နယ်မြေစိုးမိုးဖို့ လုပ်ဆောင်လာတာ ဖြစ်နိုင်တယ်လို့ သူက ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ လူအသုံးပြုပြီး ပစ်ခတ်ရတဲ့ အတွဲလိုက် ပစ်ဒုံးစနစ်တစ်မျိုးကို ရခိုင်ပြည်နယ်အတွင်း ရက္ခိုင့်တပ်တော် (AA) နဲ့ တိုက်ပွဲတွေမှာ သုံးလေ့ရှိပြီး အခုလို အတွဲလိုက်ပစ်ဒုံးစနစ် (MLRS) ယာဉ်ကို ပြည်တွင်းမှာ အသုံးပြုတာကတော့ ပထမဆုံး အကြိမ် တွေ့လာရတာ ဖြစ်တယ်လို့ သူက ဆိုပါတယ်။
စစ်တပ်က အာဏာသိမ်းပြီးနောက် တိုက်ပွဲတွေကြောင့် ကယားပြည်နယ်ထဲမှာ စစ်ဘေး မတိမ်းရှောင်ရတဲ့မြို့ မရှိသလို လက်ရှိ ဒေါငံခါးကို စစ်ကောင်စီတပ်က တိုက်ခိုက်မှုကြောင့် ပျက်ဆီးဆုံးရှုံးရတဲ့ နေအိမ် အဆောက်အအုံတွေ ရှိနေတယ်လို့ ဒီးမော့ဆိုဒေသခံက RFA ကို ပြောပါတယ်။
“ ကျွန်တော်တို့ (MLRS ပစ်တာကို) ကြားတယ်။ မနေ့က တစ်ရက်ဆို ပိုကြားတယ်။ မြင်တာတော့ မမြင်ရဘူး။ သူတို့ကားပေါ်က ပစ်တာတော့ မမြင်ရဘူးပေါ့။ အဝေးကနေ လှမ်းလှမ်းပြီး လေးဘက်လေးတန်က ပစ်တာပေါ့နော်။ အဲဒီမှာ သူတို့ အမြောက်ပစ်ကွင်း က သုံး၊ လေးနေရာ ရှိတာကိုး။ အဲဒီကနေပဲ စုပြုံပြီး ပစ်လာတာပေါ့။ နောက်လေယာဉ်နဲ့ ပစ်လာတယ်။ နေအိမ်လည်း မချန်ဘူးပေါ့။ ဝင်လာလို့ ရသလောက် ဝင်လာပြီး မီးရှို့တယ်။ အဲဒီလိုပေါ့။ တော်တော်လေးတော့ အထိနာပါတယ် ”
စစ်ကောင်စီတပ် ထိုးစစ်ဆင်ခဲ့တဲ့ မိုးဗြဲ၊ နန်းမယ်ခုံ၊ ဒေါငံခါးက ဒေသခံ သုံးသောင်း နီးပါးရှိခဲ့တဲ့ နေရာတွေ ဖြစ်ပါတယ်။
လက်ရှိမှာတော့ ဒီဒေသတွေမှာ စစ်ဘေးဒုက္ခသည်တွေ မရှိကြတော့ပေမယ့် စစ်ကောင်စီရဲ့ လေကြောင်း တိုက်ခိုက်မှုကြောင့် တစ်ဆင့်ထပ်မံ ထွက်ပြေးနေရသူတွေ ရှိတယ်လို့ ကရင်နီ စစ်ဘေးရှောင် ကူညီစောင့်ရှောက်ရေး ကွန်ရက်က ပြန်ကြားရေးတာဝန်ခံက ပြောပြ ပါတယ်။

“ အရင်တုန်းက နန်းမယ်ခုံကနေ စစ်ရှောင်တဲ့သူတွေလေ။ သူတို့က ဒေါရောခူဘက် သွားလိုက်တယ်။ ဒေါတောခူမှာ မနေ့က လေယာဉ်လာနဲ့ ဗုံးလာကြဲတယ်ဆိုတဲ့ သတင်းလည်း ကြားမှာပါ။ အဲဒီတော့ ဒေါတောခူကနေ တခြားကို ထပ်စစ်ရှောင် နေရတယ်။ စစ်ရှောင်နဲ့ ပတ်သက်ပြီး အဲဒါပဲ ရှိမယ်။ ပြီးတော့ ဒေါငံခါးဆိုတာကလည်း အရင်တုန်းက တိုက်ပွဲစဖြစ်တဲ့ ဧရိယာ၊ ပြည်သူလူထုတွေ မနေကြဘူး။ စစ်ရှောင်တာ လည်း တော်တော်ကြာပြီလေ၊ ငါးခါလောက်ရှိပြီ အဲဒီမှာ ဘယ်သူမှတော့ မရှိဘူး ”
ဒေါငံခါးဒေသ တိုက်ပွဲအတွင်းမှာ ထိခိုက်၊ သေဆုံးမှုတွေ၊ နေအိမ် အဆောက်အအုံ ပျက်ဆီးမှုတွေနဲ့ ပတ်သက်လို့ RFA အနေနဲ့ သီးခြား အတည်မပြုနိုင်သေးပါဘူး။
ဒီတိုက်ပွဲနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာ မတွေ့ရသေးသလို RFA အနေနဲ့ စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းကို ဆက်သွယ်ဖို့ ကြိုးစားနေဆဲ ဖြစ်ပါတယ်။
စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ မတ်လ ၁၁ ရက်နေ့က ဒီးမော့ဆိုမြို့နယ်၊ ဒေါရောက်ခူ ကျေးရွာကို လေကြောင်းက တိုက်ခိုက်ခဲ့ပြီး အဲဒီမှာ အရပ်သား တစ်ယောက် သေဆုံး ခဲ့ပါတယ်။
အဲဒီလိုပဲ မတ်လ ၁ဝ ရက်နေ့က ဒေါငံခါးဒေသကို စစ်ကောင်စီက လေကြောင်းကနေ တိုက်ခိုက်ခဲ့တာကြောင့် သီလရှင်ကျောင်းတစ်ကျောင်းလည်း ပျက်ဆီးခဲ့ရပါတယ်။
ကယားပြည်နယ် တစ်ခုလုံးမှာ စစ်ကောင်စီတပ်နဲ့ ဒေသခံ ကာကွယ်ရေးတပ်တွေအကြား တိုက်ပွဲတွေကြောင့် စစ်ဘေးတိမ်းရှောင်နေရသူ ဦးရေ အခုဆို နှစ်သိန်းကျော် ရှိလာတယ်လို့ ကရင်နီ စစ်ဘေးရှောင် ကူညီစောင့်ရှောက်ရေး ကွန်ရက်က ခန့်မှန်းထားပါတယ်။
ကယားပြည်နယ်ထဲက စစ်ဘေးဒုက္ခသည်တွေဟာ ရိက္ခာ အခက်အခဲရှိနေပြီး အရင် ကတည်းက ရေရှားပါးတဲ့ ဒေသမှာ အစုအလိုက်အပြုံလိုက် ပြေးလွှားနေရတဲ့အတွက် သောက်သုံးရေ အခက်အခဲရှိနေတယ်လို့ ပြောကြပါတယ်။