ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီဝင်တွေကို လုပ်ကြံတိုက်ခိုက်ခဲ့တဲ့ ဒီပဲယင်း အရေးအခင်း ၁၃ နှစ် ပြည့် အခမ်းအနားကို ဒီပဲယင်းအရေးအခင်းလို့ လူသိများစေခဲ့တဲ့ စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့အနီးက ကျည်ရွာမှာ ဒီနေ့ ကျင်းပခဲ့ပြီး လွှတ်တော်ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ကြပါတယ်။
ဒီပဲယင်း အရေးအခင်းမှာ ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူတွေက အခမ်းအနားမှာ သူတို့ကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်တွေ ကို ပြောပြခဲ့ကြတယ်လို့ အခမ်းအနားကို တက်ရောက်ခဲ့တဲ့ ဒီပဲယင်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စား လှယ် ဦးမိုးမင်းဝင်းက ပြောပါတယ်။
"မုံရွာ - ရေဦး လမ်းမကြီးပေါ်က ကျည်ရွာထိပ်မှာပေါ့၊ ကျနော်တို့ အလံတိုင်တစ်ဝက်ထူပြီးတော့ လွမ်းသူ့ပန်းခွေ ချတယ်ပေါ့ဗျာ၊ အခမ်းအနားကတော့ ကျည်ရွာထဲက ကျောင်းကြီးတိုက်မှာလုပ်ပါတယ်၊ အဲ့ကျောင်းကဆရာတော် ဦးဇဝန ဆိုတာလည်း အဲ့အရေးအခင်းနဲ့ ပတ်သက်ပြီး ထောင်ထဲနေခဲ့ဘူးပါတယ်၊ အဲ့အရေးအခင်းမှာ ကိုယ်တိုင် ပါဝင်ခဲ့တဲ့ စစ်ကိုင်းတိုင်းဒေသကြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဦးဘာဘာ က အဖြစ်အပျက်တွေ ပြော ပါတယ်၊ ကိုယ်တိုင်မြောင်းထဲမှာ တစ်ညလုံးအိပ်ခဲ့ရတယ်ဆိုတဲ့အကြောင်း အဲ့ဒါတွေပြောပါတယ်"
ဒီပဲယင်းနှစ်ပတ်လည်နေ့ကို ဒီပဲယင်း မြို့နယ် NLD က ဦးစီးကျင်းပတာဖြစ်ပြီး ကွယ်လွန်သွားသူတွေ အတွက် မေတ္တာပို့အမျှပေးဝေပြီး သံဃာတော်တွေကို ဆွမ်းဆက်ကပ်ခဲ့ကြတာဖြစ်ပါတယ်။ ၂ဝဝ၃ ခုနှစ် မေလ ၃ဝ ရက်နေ့မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ခေါင်းဆောင်တွေ ပါတီဝင်တွေဟာ မန္တလေးကနေ မုံရွာတလျှောက် ခရီးထွက်စဉ်မှာ စစ်ကိုင်းတိုင်းဒေသကြီး ကျည်ရွာအရောက်မှာ ထောင်ဂဏန်းလောက်ရှိမယ့် လူအုပ်စုတစ်စုက အကြမ်းဖက် တိုက်ခိုက်ခဲ့ တာဖြစ်ပြီး NLD ပါတီဝင် တွေနဲ့ ဒေသခံတွေ စုစုပေါင်း ၇ဝ လောက်သေဆုံးခဲ့တယ် လို့ ပြောပါတယ်။
ဒီနေ့အခမ်းအနားကို စစ်ကိုင်းတိုင်းဒေသကြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဦးဘာဘာ၊ ဒီလှိုင်း ဂျာနယ် တာဝန်ခံအယ်ဒီတာ မုံရွာအောင်ရှင်၊ ဒီပဲယင်း မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့်အောင် အပါအဝင် NLD ပါတီဝင်တွေနဲ့ ဒေသခံတွေ တစ်ထောင်နီးပါး တက်ရောက်ခဲ့ကြပါတယ်။