ရန်ကုန်မြို့ အမေရိကန်သံရုံးမှာ ကျင်းပတဲ့ သံအမတ်ကြီးရဲ့ ပထမအကြိမ် သတင်းစာ ရှင်းလင်းပွဲမှာ အမေရိကန် ပြည်ထောင်စုက ရင်းနှီးမြှုပ်နှံမှုတွေဟာ အပြုသဘော ဆောင်ပြီး ပြောင်းလဲမှုတွေကို အထောက်အကူ ပြုမယ်လို့ မျှော်လင့်ကြောင်း ပြောဆိုသွားပါတယ်။
အမေရိကန် သံအမတ်ကြီး ဒဲရက်ခ် မစ်ချဲလ်က တာဝန်သိ ရင်းနှီးမြှုပ်နှံမှုနဲ့ ဒီမိုကရေစီရဲ့ အဓိက အရေးကြီးတဲ့ အစိတ်အပိုင်းက ပွင့်လင်းမြင်သာမှု ရှိခြင်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံမှာ စီးပွားရေး လာလုပ်ကြမယ့် အမေရိကန် ကုမ္ပဏီတွေ အနေနဲ့ နိုင်ငံတကာ ကော်ပိုရိတ် အုပ်ချုပ်မှု စံနှုန်းကို အမြင့်ဆုံး အနေအထားမှာ ကျင့်သုံးပြီး လုပ်ကိုင်ကြရမှာဖြစ်ပြီး သူတို့ လုပ်ကိုင်နေပုံတွေကိုလည်း အမေရိကန် အစိုးရထံ အစီရင်ခံဖို့ လိုအပ်မှာ ဖြစ်ကြောင်းလည်း ပြောဆိုခဲ့ပါတယ်။
တဆက်တည်း အမေရိကန် သံအမတ်ကြီး ဒဲရက်ခ် မစ်ချဲလ်က စီးပွားရေး ပွင့်လင်းမြင်သာမှုက သယံဇာတ တူးဖော်ရေး လုပ်ငန်းတွေမှာ အင်မတန် အရေးကြီးပါတယ်။ ဘာလို့လဲဆိုတော့ ရင်းနှီးမြှုပ်နှံရတဲ့ ငွေပမာဏ ကြီးမားပြီး မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်းလို နိုင်ငံပိုင် စီးပွားရေး လုပ်ငန်းတွေက နိုင်ငံရဲ့အမွေအနှစ်ဖြစ်တဲ့ သဘာ၀ သယံဇာတတွေကို စီမံခန့်ခွဲကြရလို့ ဖြစ်ပါတယ်။
ဒါကြောင့် MOGE လို နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းတွေနဲ့ ပတ်သက်မယ့် အမေရိကန် ကုမ္ပဏီတွေ အတွက် အထူးလိုအပ်ချက်တွေကို ကျွန်တော်တို့ဘက်က သတ်မှတ်ထားတာပဲ ဖြစ်ပါတယ်လို့လည်း ဆိုပါတယ်။
သတင်းစာ ရှင်းလင်းပွဲမှာ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် မြောက်ပိုင်းက စစ်ဘေး ဒုက္ခသည်တွေအတွက် အမေရိကန်ဒေါ်လာ သုံးသန်း တန်ဖိုးရှိတဲ့ စားနပ်ရိက္ခာတွေကို US AID အမေရိကန် ပြည်ထောင်စု နိုင်ငံတကာ ဖွံ့ဖြိုးရေး အစီအစဉ်က ကုလသမဂ္ဂ လက်အောက်ခံ ကမ္ဘာ့စားနပ်ရိက္ခာ အစီစဉ် WFP ကနေတဆင့် လှူဒါန်းမှာ ဖြစ်တယ်လို့ သံအမတ်ကြီးက ပြောပါတယ်။
ဒီအစီစဉ်အရ ဒုက္ခသည် လူဦးရေ ငါးသောင်းကျော် ခြောက်လကြာ စားသုံးနိုင်ရေးအတွက် ဆန်တန်ချိန် စုစုပေါင်း မက်ထရစ်တန်ချိန် သုံးထောင်ကျော် ထောက်ပံ့ ကူညီနိုင်မှာ ဖြစ်တယ်လို့လည်း ပြောဆိုသွားပါတယ်။