ကမာရွတ်မီဒီယာတည်ထောင်ထူ ဦးနေသန်မောင်ကို စစ်ကောင်စီက ပြန်လွှတ်

စစ်ကောင်စီက ဖမ်းဆီးထားတဲ့ ကမာရွတ်မီဒီယာတည်ထောင်သူ အမေရိကန်နိုင်ငံသား ဦးနေသန်မောင်ကို ဇွန် (၁၄) ရက်နေ့မှာ စစ်တပ်က အမှုရုပ်သိမ်းပြီး ပြန်လွှတ်ပေးလိုက်တယ်လို့ ရှေ့နေဖြစ်သူ ဒေါ်တင်ဉ္ဇာဦးက RFA ကို ပြောပါတယ်။

"တရားလိုက ဒီနေ့အမှုရုပ်သိမ်းလွှာတင်တယ်။ တရားသူကြီးကလည်း စွဲချက်မတင်မီမှာဘဲ ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၄၉၄ (က)အရ အပြီးအပြတ် လွှတ်ပေးလိုက်တာပါ"

ဦးနေသန်မောင် ဟာ လွတ်လွတ်ချင်းမှာပဲ ကိုဗစ်-၁၉ စစ်ဆေးမှုတွေလုပ်ပြီး ဇွန် ၁၅ ရက် မနက်ဖြန်မှာ အမေရိကန်ပြည်ထောင်စုကို ချက်ချင်းပြန်မှာဖြစ်တယ်လို့ ရှေ့နေ ဒေါ်တင်ဉ္ဇာဦး က ပြောပါတယ်။

စစ်ကောင်စီဟာ အာဏာသိမ်းပြီးနောက် သတင်းသမားတွေကို ပစ်မှတ်ထားဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ မတ်လ ၉ ရက်နေ့မှာ ရန်ကုန်ရှိ ကမာရွတ်မီဒီယာရုံးခန်းကို ဝင်ရောက်စီးနင်းပြီးနောက်၊ အယ်ဒီတာချုပ် ဖြစ်တဲ့ အသက် ၄၄ နှစ်အရွယ် ဦးနေသန်မောင်နဲ့ ကမာရွတ်မီဒီယာ တွဲဖက်တည်ထောင်သူ အသက် ၄၀ အရွယ် ဦးဟံသာညိန်းတို့ကို ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

ဦးနေသန်မောင်နဲ့အတူ ဖမ်းဆီးခံခဲ့ရတဲ့ ဦးဟံသာညိန်း ကတော့ နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ ၅၀၅(က)နဲ့ တရားစွဲခံထားရပါတယ်။

ကမာရွတ်မီဒီယာကို၂၀၁၂ ခုနှစ် သြဂုတ်လမှာ စတင်တည်ထောင်ခဲ့တာဖြစ်ပါတယ်။