အိန္ဒိယ-မြန်မာနယ်စပ် ဒုက္ခသည်စခန်းမှာ လူလေးဆယ်ခန့် ဝမ်းရောဂါဖြစ်နေ

RFA Burmese
2025.02.07
အိန္ဒိယ-မြန်မာနယ်စပ် ဒုက္ခသည်စခန်းမှာ လူလေးဆယ်ခန့် ဝမ်းရောဂါဖြစ်နေ ကာကီ စစ်ဘေးဒုက္ခသည်စခန်းကို ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁၆ ရက်နေ့က တွေ့ရစဉ်။
Citizen Photo

ချင်းပြည်နယ် ပလက်၀မြို့နယ်ကနေ နယ်စပ်ဖြတ်ကျော် တိမ်းရှောင်သူတွေ နေထိုင်တဲ့ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ် လောင်တလိုင်ခရိုင် ကာကီ စစ်ဘေးဒုက္ခသည်စခန်းမှာ ဒုက္ခသည် ၄၁ ဦး ဝမ်းရောဂါ ကူးစက်ခံထားရပြီး ဆေးဝါးနဲ့ ကျန်းမာရေးစောင့်ရှောက်မှု အကူအညီတွေ လိုအပ်နေတယ်လို့ ဒေသခံတွေက ဖေဖော်ဝါရီလ ၇ ရက်နေ့မှာ ပြောပါတယ်။

ဇန်နဝါရီလကုန်ပိုင်းစလို့ ဒုက္ခသည်တွေ ဝမ်းရောဂါ စတင်ဖြစ်ပွားလာပြီး ကျန်းမာရေးစောင့်ရှောက်မှု အပြည့်အ၀မရတာကြောင့် ကူးစက်သူအရေအတွက် တဖြည်းဖြည်း တိုးလာနေတာလို့ စစ်ဘေးဒုက္ခသည်အရေး ကူညီပေးနေသူတစ်ဦးက ပြောပါတယ်။

“စစ်ရှောင်စခန်းဆိုတော့ လူလည်းများတယ်၊ ပြီးတော့ တစ်နေ့လုပ် တစ်နေ့စားတွေဆိုတော့ ဆေးဝါးမဝယ်နိုင်တာလည်းပါတယ်။ နယ်စပ်နားကဆိုတော့ လောင်တလိုင်နဲ့လည်းဝေးတော့ ဆေးခန်းမပြနိုင်တာလည်းပါတယ်။ သေဆုံးတဲ့သူတော့ မရှိသေးဘူးဆိုပေမဲ့ အကူအညီတော့ တော်တော်လိုအပ်နေတယ်”

ကာကီ ဒုက္ခသည်စခန်းမှာ အိမ်ခြေ ၁၃၅ လုံးရှိပြီး လူဦးရေ ခြောက်ရာခန့် နေထိုင်တယ်လို့ ဆိုပါတယ်။

ဒီဒုက္ခသည်တွေဟာ စစ်ကောင်စီတပ်နဲ့ အာရက္ခတပ်တော် (AA) တို့ရဲ့ တိုက်ပွဲတွေကြောင့် ၂၀၂၃ ခုနှစ်ကတည်းက ထွက်ပြေးတိမ်းရှောင်လာကြသူတွေ ဖြစ်ပါတယ်။

မူလနေရပ်မှာ မိုင်းရှင်းလင်းရေးတွေ မလုပ်နိုင်သေးတာ၊ ကုန်ပစ္စည်းတွေ ရှားပါးပြတ်လတ်တာနဲ့ စားဝတ်နေရေး အခက်အခဲတွေကြောင့် နေရပ်မပြန်နိုင်သေးတာလို့ ဒုက္ခသည်တွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။