ကလေးမြို့နယ်က စစ်ဘေးဒုက္ခသည် တစ်ရာခန့် ဝမ်းရောဂါဖြစ်ပွားနေ
2025.02.12

စစ်ကိုင်းတိုင်း ကလေးမြို့နယ် တောင်ပိုင်းမှာ တိုက်ပွဲတွေနဲ့ လေကြောင်းရန်ကြောင့် တောတောင်တွေထဲ ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ဘေးဒုက္ခသည် တစ်ထောင်ကျော်ထဲက လူတစ်ရာခန့် ဝမ်းရောဂါ ဖြစ်ပွားနေပြီး ဆေးဝါးအကူအညီတွေ လိုအပ်နေတယ်လို့ ဒုက္ခသည်တွေနဲ့ အကူအညီပေးနေသူတွေက ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှာ ပြောပါတယ်။
ဖေဖော်ဝါရီလ ၉ ရက်နေ့က ကလေးမြို့နယ် တောင်ပိုင်းကရွာတွေကို စစ်ကောင်စီတပ်က လေကြောင်းသုံးတိုက်ခိုက်လို့ ရွာဆယ်ရွာခန့်က ဒေသခံတွေ တိမ်းရှောင်နေရတာပါ။
တောတောင်တွေထဲ ထွက်ပြေးတိမ်းရှောင်ချိန် သောက်သုံးရေ မသန့်ရှင်းတာကြောင့် လူခုနစ်ဦးခန့် ဝမ်းရောဂါ စတင်ဖြစ်ပွားခဲ့ပြီး လက်ရှိမှာ လူတစ်ရာခန့် ကူးစက်ခံထားရတာလို့ ကုသပေးနေတဲ့ ဆရာဝန်တစ်ဦးက ပြောပါတယ်။
“တောတွေထဲနေရတော့ ရေမသန့်တာကြောင့် အဓိက ဖြစ်တာပေါ့။ ရေရှားတာလည်း ပါတာပေါ့၊ မကူးစက်အောင် လုပ်ဖို့လိုတယ်။ အဓိက ဓာတ်ဆားလိုအပ်တယ်။ တခြားလိုအပ်တဲ့ ဆေးဝါးတွေလည်း မလုံလောက်ဘူး”
ရေရှားပါးတာနဲ့ တစ်ကိုယ်ရေသန့်ရှင်းမှု အားနည်းတဲ့ ကိစ္စရပ်တွေကြောင့် ဒေသခံတွေနဲ့ စစ်ဘေးဒုက္ခသည်တွေ အရေပြားရောဂါ ဖြစ်ပွားနေတာတွေလည်း ရှိနေတယ်လို့ သူက ပြောပါတယ်။
ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း ပြောခွင့်ရသူကို RFA က ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံဖြေဆိုတာ မရှိပါဘူး။
ဖေဖော်ဝါရီလ ၉ ရက်နေ့မှာ စစ်ကောင်စီတပ်ရဲ့ လေကြောင်းသုံး ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးမြို့နယ်တောင်ပိုင်းက ဆယ်တော်၊ ရန်ကြီးအောင်၊ ကျော်ရွာ၊ ရှားဖို၊ မှန်တော၊ ဒိုးနွယ်၊ ကျောက်ဖူး၊ တင်သား၊ ကုက္ကို၊ အရှေ့စီး၊ ကြန်သာ စတဲ့ ရွာတွေက လူတစ်ထောင်ကျော် ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။