စစ်ကောင်စီက ဖမ်းဆီးထောင်ချထားတဲ့ ရန်ကုန်တိုင်း တောင်ဒဂုံမြို့နယ် ၁၀၆ ရပ်ကွက်ရဲ့ ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးမောင်နီ (ခေါ်) ဦးမြင့်မောင်ဟာ ဇွန်လ ၁၆ ရက်နေ့မှာ အင်းစိန်ထောင်တွင်း ဆေးကုသခွင့် အပြည့်အဝမရဘဲ အဆုတ်ကင်ဆာရောဂါနဲ့ သေဆုံးခဲ့တယ်လို့ မိသားစုနဲ့ နီးစပ်သူတွေက ပြောပါတယ်။
မဲမသမာမှုတွေ ရှိတယ်ဆိုတဲ့အကြောင်းပြချက်နဲ့ အာဏာသိမ်းခဲ့တဲ့ စစ်ကောင်စီဟာ ၂၀၂၀ ရွေးကောက်ပွဲမှာ တာဝန်ယူခဲ့တဲ့သူတွေကို လိုက်လံဖမ်းဆီးခဲ့တာကြောင့် ဦးမောင်နီဟာ တိမ်းရှောင်နေခဲ့ရာမှ ၂၀၂၃ ခုနှစ်၊ မေလမှာ ဖမ်းဆီးခံခဲ့ရတာလို့ ဆိုပါတယ်။
အဲဒီနောက် သူ့ကို ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅ (က) နဲ့ ထောင်ဒဏ်သုံးနှစ်ချမှတ်ခဲ့ပြီး အကျဥ်းကျနေစဥ် ထောင်တွင်းမှာ ဆေးကုသခွင့် အပြည့်အဝမရဘဲ သေဆုံးခဲ့တာလို့ မိသားစုနဲ့ နီးစပ်သူတစ်ဦးက RFA ကို ပြောပါတယ်။
“ထောင်ထဲမှာ အဆုတ်ကင်ဆာနဲ့ သေသွားတာ။ ဒါပေမဲ့ အဆုပ်ကင်ဆာဖြစ်နေတာ။ မိသားစုလည်း သိခွင့်မရလိုက်သလို အပြင်ဆေးရုံမှာလည်း ကုသခွင့်မရလိုက်ဘူး။ မိသားစုသိထားတာက ဆီးချိုတွေတက်ပြီး ကျောက်တည်နေတယ်ဆိုတာလောက်ပဲ သိခွင့်ရထားတာ။ ကင်ဆာဖြစ်နေတယ်ဆိုတာ သူ့မိသားစုဝင်တစ်ဦးမှ သိခွင့်မရလိုက်လို့ စိတ်မကောင်းဖြစ်နေကြတယ်”
အကျဥ်းထောင်အာဏာပိုင်တွေက သေလွှတ် ဆိုတဲ့စာရွက်စာတမ်းနဲ့ အလောင်းပြန်ပေးခဲ့ပြီး မနက်ဖြန် ဇွန်လ ၁၈ ရက်နေ့မှာ ရန်ကုန်မြို့ ကျီစုသုဿာန်မှာ သင်္ဂြိုဟ်မယ်လို့ သူက ဆိုပါတယ်။
ဒီအခြေအနေတွေနဲ့ပတ်သက်လို့ တုံ့ပြန်ချက်ရနိုင်ဖို့ စစ်ကောင်စီ အကျဥ်းဦးစီးဌာနပြောခွင့်ရသူ ဒုတိယညွှန်ကြားရေးမှူးချုပ်ရုံးကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမဲ့ အကြောင်းမပြန်ပါဘူး။
အသက် ၅၇ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဦးမောင်နီ (ခေါ်) ဦးမြင့်မောင်ဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင်တစ်ဦးဖြစ်ပြီး ၂၀၁၂ ခုနှစ်မှာ ပါတီကနုတ်ထွက်ခဲ့ပြီးနောက် ၂၀၁၅ နဲ့ ၂၀၂၀ ရွေးကောက်ပွဲ နှစ်ဆက်လုံးမှာ ရပ်/ကျေး ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သူဖြစ်ပါတယ်။
NLD အစိုးရအဖွဲ့ဝင်တွေအပါအဝင် ၂၀၂၀ ရွေးကောက်ပွဲကော်မရှင်မှာ တာဝန်ယူခဲ့သူ စုစုပေါင်း ၅၀၅ ဦးကို ရွေးကောက်ပွဲ မသမာမှုတွေနဲ့ အရေးယူခဲ့တယ်လို့ စစ်ကောင်စီက ၂၀၂၂ ခုနှစ်မှာ ထုတ်ဖော်ပြောဆိုထားပါတယ်။