စစ်အုပ်ချုပ်ရေး ကြေညာပေးဖို့ ဒိုင်းနက်ပါတီ တောင်းဆို


2017.11.01
dndp-logo-622.jpg ဒိုင်းနက်လူမျိုးများ တိုးတက်ရေးပါတီ အမှတ်အသား
.

မောင်တောဒေသမှာ အကြမ်းဖက်သမားတွေရဲ့ လှုပ်ရှားမှုတွေ ရှိနေသေးတာကြောင့် ဘူးသီးတောင်၊ မောင်တောနဲ့ ရသေ့တောင်မြို့နယ်တွေကို စစ်အုပ်ချုပ်ရေး ကြေညာပေးဖို့ တောင်းဆိုကြောင်း ဒိုင်းနက်လူမျိုးများ တိုးတက်ရေးပါတီ က အောက်တိုဘာလ ၂၉ ရက်နေ့ရက်စွဲနဲ့ ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။

မောင်တောဒေသကို အစိုးရ၊ လွှတ်တော်နဲ့ တပ်မတော်တို့ ပူးပေါင်းပြီး စစ်အုပ်ချုပ်ရေးကြေညာပေးဖို့ တောင်းဆိုတာဖြစ်တယ်လို့ ဒိုင်းနက်လူမျိုးများတိုးတက်ရေးပါတီရဲ့ ဥက္ကဌ ဦးအောင်ကျော်ဇော ကပြောပါတယ်။

"ကျနော်တို့ ဒီဘူးသီးတောင်၊ မောင်တောမှာက တပ်မတော်မရှိရင် နယ်မြေလုံခြုံမှုမရှိဘူးလို့ ယုံကြည်နေ တာကိုး။ စစ်အုပ်ချုပ်ရေးလုပ်ပါဆို တပ်မတော်က တခါတည်းသီးသန့်လုပ်နေတာမှ မဟုတ်တာ သူရဲ့အပေါ်ကလည်း လွှတ်တော်၊ အစိုးရရှိနေတာကိုး။ တစ်နိုင်ငံလုံးကို လွှမ်းခြုံပြောနေတာမှ မဟုတ်တာ မြန်မာတစ်နိုင်ငံလုံးရဲ့ တစိတ်တဝှမ်းဖြစ်တဲ့ ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင် အဲဒါကို ကျတော့ လုပ်ရင်ကောင်းမယ်လို့ ကျနော်တို့ ယုံကြည်ပါတယ်"

ပြီးခဲ့တဲ့ သြဂုတ်လ ၂၅ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုဖြစ်စဉ်ပြီးနောက် အစိုးရက နယ်မြေ ရှင်းလင်းရေးတွေဆောင်ရွက်ခဲ့ပြီး စက်တင်ဘာလ ၅ ရက်နေ့မှာ နယ်မြေလုံခြုံအေးချမ်းတဲ့အနေအထားရှိပြီ ဖြစ်တာကြောင့် ထွက်ပြေးတိမ်းရှောင်နေသူတွေကို နေရပ်ပြန်ရေးလုပ်ငန်းစဉ်တွေ စတင်ဆောင်ရွက်ခဲ့ပါတယ်။

အဲဒီနောက် မောင်တောမြို့နယ်အတွင်းက အောင်သပြေကျေးရွာမှာ စက်တင်ဘာလ ၂၂ ရက်နေ့က အကြမ်းဖက်မှု ထပ်မံဖြစ်ပွားခဲ့ပြီး ဒိုင်းနက်လူမျိုး ၂ ဦးသေဆုံးပြီး ၂ ဦးဆေးဝါးကုသမှုခံယူခဲ့ရတယ်လို့ ဦးအောင်ကျော်ဇော ကပြောပါတယ်။

မောင်တောဒေသအတွင်းမှာ ဒိုင်းနက်တိုင်းရင်းသားအရေအတွက် ၃ သောင်းနီးပါးလောက်ရှိပြီး သြဂုတ်လ ၂၅ ရက်နေ့နဲ့ အဲဒီနောက်ပိုင်းဖြစ်ပွားတဲ့ အကြမ်းဖက်မှုဖြစ်စဉ်တွေကြောင့် သေဆုံးသူ စုစုပေါင်း ၈ ဦးရှိခဲ့ကြောင်းနဲ့ အကြမ်းဖက်မှုဖြစ်စဉ်တွေကြောင့် ဒိုင်းနက်လူမျိုးစုဝင်တွေ တဖြည်းဖြည်းပျောက်ကွယ်မှာကို စိုးရိမ်မှုတွေ ရှိနေတယ်လို့လည်း ဦးအောင်ကျော်ဇော ကပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။