စစ်ကိုင်တိုင်း၊ ကနီမြို့မှာ PDF လို့ စွပ်စွဲခံရသူတစ်ဦးနဲ့ သူ့မိသားစုဝင် ၁၁ ဦးတို့ကို မတ်လ ၈ ရက် မနေ့ က နေအိမ်မှာရှိနေစဉ် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက လာရောက်ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
PDF လို့ စွပ်စွဲခံထားရတဲ့ ကိုကောင်းသန့်ဇော်ကို ကနီရဲစခန်းမှာ ဆက်ဖမ်းထားပြီး သူ့မိသားစုဝင် ၁၁ ဦး ကိုတော့ ပြန်လွှတ်ပေးလိုက်တယ်လို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“ကိုကောင်းသန့်ဇော်က မုံရွာနဲ့ ကနီ ပြန်လိုက်သွားလိုက်နဲ့ အရင်ကတည်းကနေတာပါ၊ မသန်စွမ်းဆိုတော့ စကားလည်း မပီသလို့ သူ့ဘာသာတောင် ယိုင်တိုင်တိုင်ပါ၊ အဲဒီလိုလူက ဘယ်လိုလုပ် PDF နဲ့ နီးစပ်မလဲ၊ အဲဒါကို လာဖမ်းတယ်၊ နောက်ပြီး သူတို့မိသားစုဆွေမျိုး ၁၁ ယောက် ထပ်ဖမ်းပြီးတော့မှ သူတို့ကို ပြန်လွှတ်လိုက်တာ"
အသက် ၂၁ နှစ်အရွယ် မသန်စွမ်းသူလည်းဖြစ်တဲ့ ကိုကောင်းသန့်ဇော်ဟာ ကနီမြို့ပေါ် အမှတ် ၂ ရပ် ကွက်မှာ နေထိုင်သူဖြစ်ပြီး မုံရွာက သူ့ဆွေမျိုးတွေဆီမှာ မကြာမကြာ သွားရောက်နေထိုင်လေ့ရှိတယ်လို့လည်း ပြောပါတယ်။
ကနီမြို့ကနေ ကာလအတန်ကြာ ပျောက်နေရာကနေ အခုပြန်ရောက်လာချိန်မှာ အဖမ်းခံလိုက်ရတာလို့ ဒေသခံတွေက ပြောကြသလို အဲဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး RFA က သီးခြားအတည်မပြုနိုင်သေးပါဘူး။
စစ်တပ်က အာဏာသိမ်းလိုက်တဲ့ တစ်နှစ်ကျော်ကာလ မတ်လ ၈ ရက် မနေ့ကအထိ စာရင်းအရ အရပ်သားပြည်သူ စုစုပေါင်း ၁၂၅၆၀ ဦးဟာ စစ်ကောင်စီတပ်တွေရဲ့ ဖမ်းဆီးခံခဲ့ရတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က မနေ့က ထုတ်ပြန်ထားပါတယ်။
ကနီမြို့နယ်ထဲမှာ နေအိမ်တွေ၊ ဘုန်းကြီးကျောင်းတွေနဲ့ လမ်းသွားလမ်းလာတွေရဲ့ လက်ကိုင်ဖုန်းတွေကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ပျူစောထီးတွေ ပူးပေါင်းပြီး မကြာခဏ ဝင်ရောက်စစ်ဆေးနေတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။
ကနီမြို့နယ်ဟာ PDF တပ်ဖွဲ့တွေ အားကောင်းတဲ့ဒေသဖြစ်ပြီး ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၄ ရက်က ဝင်းမနား ရဲစခန်းကို PDF ပူးပေါင်းအဖွဲ့တွေ ဝင်တိုက်လို့ စစ်ကောင်စီဘက်က ၂၅ ယောက် သေဆုံးကာ PDF ဘက်က သုံးယောက် သေဆုံးခဲ့တယ်လို့ Area 21 Revolution Network အဖွဲ့က ထုတ်ပြန်ထားပါတယ်။
