အာဏာသိမ်းလေးနှစ်ကျော်အတွင်း မသန်စွမ်း ၁၂၀ ခန့် သေဆုံး

အာဏာသိမ်း လေးနှစ်ကျော်အတွင်း စစ်ကောင်စီတပ်နဲ့ လက်အောက်ခံ အဖွဲ့အစည်းတွေကြောင့် နိုင်ငံတစ်ဝန်း မသန်စွမ်းသူ ၁၁၇ ဦး သေဆုံးခဲ့တယ်လို့ လွပ်လပ်တဲ့ လူ့အခွင့်အရေး အဖွဲ့တစ်ခုဖြစ်တဲ့ Human Rights Myanmar က ဖေဖော်ဝါရီလ ၁၇ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

သေဆုံးသူတွေထဲမှာ အမျိုးသမီးနဲ့ မိန်းကလေးငယ် ၂၁ ဦး ပါဝင်ပြီး သတ်ဖြတ်ခံရသူ အရေအတွက်ရဲ့ ၁၈ ရာနှုန်းရှိပါတယ်။ ဒေသအလိုက်အနေနဲ့ စစ်ကိုင်းတိုင်းက ၄၆ ရာခိုင်နှုန်းနဲ့ သေဆုံးသူအများဆုံးဖြစ်ပြီး မကွေးတိုင်းက ၂၂ ရာခိုင်နှုန်း ဒုတိယအများဆုံးဖြစ်ပါတယ်။

၂၀၂၁ ခုနှစ်မှာ ၁၂ ဦး၊ ၂၀၂၂ ခုနှစ်မှာ လေးဆယ် ဦး၊ ၂၀၂၃ ခုနှစ်မှာ ၃၄ ဦး၊ ၂၀၂၄ ခုနှစ်မှာ သုံးဆယ်ဦး နဲ့ ၂၀၂၅ ခုနှစ်မှာ တစ်ဦး သတ်ဖြတ်ခံခဲ့ရတယ်လို့ ဖော်ပြပါတယ်။

မသန်စွမ်းသူတချို့ဟာ စစ်ကောင်စီတပ်က အရပ်သားပြည်သူတွေ နေထိုင်တဲ့နေရာတွေကို ရမ်းသမ်းပစ်ခတ် တိုက်ခိုက်တာကြောင့် သေဆုံးခဲ့ရပြီး သေဆုံးသူ အရေအတွက်ရဲ့ ၂၆ ရာခိုင်နှုန်းဟာ ရွာတွေကို စစ်ကောင်စီတပ်က မီးရှို့တဲ့အချိန် အရှင်လတ်လတ် မီးလောင်သေဆုံးရတာလို့ ဆိုပါတယ်။

ဒါ့အပြင် ရည်ရွယ်ချက်ရှိရှိ သတ်ဖြတ်မှုကြောင့် မသန်စွမ်းသူတွေ သေဆုံးရမှုဟာ ၅၂ ရာခိုင်နှုန်းရှိပြီး အဲဒီထဲက ၁၃ ရာခိုင်နှုန်းက ဦးခေါင်းကို သေနတ်နဲ့ ပစ်ခတ်ခံရတာနဲ့ သုံးရာခိုင်နှုန်းကတော့ ခေါင်းဖြတ်ခံရလို့ သေဆုံးခဲ့ရတာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါဟာ စစ်ကောင်စီတပ်က မသန်စွမ်းသူတွေရဲ့ အသက်ရှင်သန်ခွင့်ကို ပြင်းထန်စွာချိုးဖောက်ပြီး နေတာလို့ Human Rights Myanmar ပြောပါတယ်။

မသန်စွမ်းသူတွေ သတ်ဖြတ်ခံရတဲ့ အရေအတွက်ဟာ အခုထက်ပိုများနိုင်ပြီး ပဋိပက္ခဖြစ်ရာ ဒေသတွေမှာ သတင်းအချက်အလက် ကောက်ယူဖို့ အခက်အခဲရှိတယ်လို့လည်း ဆိုပါတယ်။

လုံခြုံရေးအရ အမည်မဖော်လိုသူ မသန်စွမ်းအရေး လှုပ်ရှားသူတစ်ဦးက အာဏာသိမ်းကာလအတွင်း မသန်စွမ်းသူတွေဟာ လက်နက်ကြီး၊ လေကြောင်းနဲ့ မြေမြှုပ်မိုင်းတွေကြောင့် သာမန်ပြည်သူတွေထက် စစ်ဘေးဒုက္ခ ပိုခံစားရတယ်လို့ RFA ကို ပြောပါတယ်။

"စစ်ရှောင်တဲ့အချိန်မှာ မသန်စွမ်းတွေက အရင်ကတည်းက ကျန်းမာရေး ချို့ယွင်းကြပါတယ်။ အခုလိုကာလမှာ ဆေးဝါးပြတ်လပ်ပြီး အသက်သေဆုံးသွားတာလည်းရှိတယ်။ နောက်တစ်ခုက စစ်ပွဲတွေကြောင့် မသန်စွမ်းသူ အရေအတွက်လည်း တိုးလာနေပါတယ်။ လေကြောင်းတိုက်ခိုကမှုနဲ့ မိုင်းတွေကြောင့် တိုက်ပွဲကြားတွေထဲမှာ သေဆုံးသွားသူတွေလည်းရှိတယ်"

မြန်မာနိုင်ငံဟာ မသန်စွမ်းသူများရဲ့ အခွင့်အရေးများဆိုင်ရာ သဘောတူစာချုပ် (CRPD) ကို ၂၀၁၁ ခုနှစ်မှာ လက်မှတ်ရေးထိုးထားပေမဲ့ စစ်ကောင်စီက ပြည်တွင်းဥပဒေနဲ့ CRPD ရဲ့ တာဝန်တွေကိုလည်း ချိုးဖောက်နေတယ်လို့ Human Rights Myanmar က ပြောဆိုထားပါတယ်။

ဒီထုတ်ပြန်ချက်နဲ့ ပတ်သက်လို့ တုံ့ပြန်ချက်ရနိုင်ဖို့ စစ်ကောင်စီ ပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။