ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် DKBA ရဲ့ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောလားဘွယ် အသက် (၅၄) နှစ် ဟာ ပဲခူး ဆေးရုံကြီးမှာ ကင်ဆာရောဂါနဲ့ ဒီနေ့ ကွယ်လွန်သွားတယ်လို့ သိရပါတယ်။
ရုပ်အလောင်းကို ကရင်ပြည်နယ် မြဝတီမြို့နယ်က DKBA ဌာနချုပ် ဆုံဆည်းမြိုင်ကို ဒီနေ့ပဲ သယ်ဆောင်သွားပြီဖြစ်ပြီး အခမ်းအနားနဲ့ သဂြိုဟ်သွားမယ်လို့ DKBA က ဗိုလ်မှူးစိန်ဝင်းက ပြောပါတယ်။
"ဆုံးသွားတာက ပဲခူးဆေးရုံကြီးမှာ ဆုံးသွားတာ၊ ကင်ဆာရောဂါနဲ့ အပူရှိန်ကြောင့် အဆုတ်တွေက သွေးကြောပေါက်တယ်လို့ ဆရာဝန်တွေကပြောတယ်၊ ရုပ်အလောင်း ကို ကရင်ပြည်နယ် မြဝတီမြို့နယ်က DKBA ဌာနချုပ် ဆုံဆည်းမြိုင်ကိုပြန်သယ်သွားပြီး တော့ ကျနော်တို့အစဉ်အလာနဲ့ သဂြိုဟ်သွားမှာပါ "
ဗိုလ်ချုပ်ကြီးစောလားဘွယ်ဟာ ၂၀၁၃ နှစ်ကုန်ပိုင်းက လည်ချောင်းကင်ဆာဝေဒနာကို စင်္ကာပူနိုင်ငံမှာ ခြောက်လ ကျော်ကြာ သွားရောက်ဆေးကုသခံခဲ့ပါတယ်။
DKBA တပ်ဖွဲ့ဟာ ၁၉၉၄ ခုနှစ်မှာ KNU ကရင်အမျိုးသားအစည်းအရုံးအဖွဲ့ကနေ ခွဲထွက်ခဲ့ပြီး ဗိုလ်ချုပ်ကြီး စောလားဘွယ်ဟာ DKBA တပ်ကို ၂၀၁၀ ခုနှစ်က စတင်ပြီး စစ်ဦးစီးချုပ်ရာထူးအဖြစ် တာဝန်ယူခဲ့တာဖြစ်ပါတယ်။
ဗိုလ်ချုပ်ကြီးစောလားဘွယ်ဦးဆောင်တဲ့ DKBA လက်နက်ကိုင်တပ်ဖွဲ့ဟာ ကရင် ပြည်နယ်တွင်း အစိုးရတပ်နဲ့ ပစ်ခတ်တိုက်ခိုက်မှု ရပ်ဆိုင်းထားရေး သဘော တူညီချက် ကို ပြီးခဲ့တဲ့ ၂၀၁၁ ခုနှစ် နိုဝင်ဘာလမှာ လက်မှတ်ရေးထိုးခဲ့ပါတယ်။