ပြည်တွင်း နိုင်ငံခြားငွေလဲနှုန်း မတည်မငြိမ်ဖြစ်အောင် ဈေးကစားသူ ၁၄ ဦးကို ဖမ်းဆီးစစ်ဆေးနေကြောင်း စစ်ကောင်စီက ဇွန်လ ၃ ရက်နေ့မှာ ထုတ်ပြန်ကြေညာပါတယ်။
ဖမ်းဆီးရမိသူတွေရဲ့ထွက်ဆိုချက်အရ နိုင်ငံခြားငွေလဲနှုန်း မတည်မငြိမ်ဖြစ်အောင် နောက်ကွယ်က ဆောင်ရွက်နေတဲ့ တရားခံ ၁၁ ဦးကို ဖော်ထုတ်နိုင်ခဲ့တယ်လို့ စစ်ကောင်စီက ဆိုပါတယ်။
နောက်ကွယ်ကဆောင်ရွက်နေသူတွေလို့ စစ်ကောင်စီက ပြောဆိုထားသူတွေထဲမှာ တရားဝင် ငွေလဲကောင်တာဖွင့်ထားသူတွေ နှစ်ဦး၊ တရားမဝင် နိုင်ငံခြားငွေ ရောင်းချသူ ခုနစ်ဦးနဲ့ ပွဲစားနှစ်ဦး ပါဝင်ပါတယ်။ အဲဒီသူတွေဟာ ထွက်ပြေးတိမ်းရှောင်နေတာကြောင့် ဖမ်းဆီးရမိရေးဆောင်ရွက်နေတယ်လို့လည်း စစ်ကောင်စီက ပြောပါတယ်။
ဖမ်းဆီးရမိထားတဲ့ နိုင်ငံခြားငွေလဲနှုန်းမတည်မငြိမ်ဖြစ်အောင်ဆောင်ရွက်သူ ၁၄ ဦးကို ဥပဒေနဲ့အညီ ထိရောက်စွာအရေးယူဆောင်ရွက်သွားမယ်လို့ စစ်ကောင်စီ ထုတ်ပြန်ချက်မှာ ထည့်သွင်းပြောဆိုထားပါတယ်။
ရွှေဆိုင်လုပ်ငန်းရှင်တွေနဲ့ ပွဲစား ၂၁ ဦးကိုလည်း ရွှေဈေးမတည်မငြိမ်ဖြစ်အောင်လုပ်တယ်ဆိုပြီး စစ်ကောင်စီက ဖမ်းဆီးစစ်ဆေးနေကြောင်း ဇွန်လ ၂ ရက်နေ့က ထုတ်ပြန်ထားပါတယ်။
ဖမ်းဆီးစစ်ဆေးနေသူတွေရဲ့ ထွက်ဆိုချက်အရ ရွှေဈေးမတည်ငြိမ်အောင် ဆောင်ရွက်နေသူတွေထဲ အထင်ကရ ရွှေဆိုင်ပိုင်ရှင်တွေပါတယ်ဆိုပြီး အဲဒီသူတွေကို ဖမ်းဆီးနိုင်ရေး စစ်ကောင်စီက ဆောင်ရွက်နေတယ်လို့ ပြောထားပါတယ်။