ဒီးမော့ဆို ဒေါစဲရွာက ကျေးလက်ဆေးခန်း လက်နက်ကြီးနဲ့ ပစ်ခတ်ခံရ

2022.03.14
ဒီးမော့ဆို ဒေါစဲရွာက ကျေးလက်ဆေးခန်း လက်နက်ကြီးနဲ့ ပစ်ခတ်ခံရ ဒီးမော့ဆိုမြို့နယ် ဒေါစဲကျေးရွာမှာ လက်နက်ကြီးထိမှန် ပျက်စီးသွားသည့် ကျေးလက်ဆေးပေးခန်းကို ၂၀၂၂ ခုနှစ် မတ်လ ၁၄ ရက်နေ့တွင် တွေ့ရစဉ်
Photo: Karenni Nationalities Defense Force KNDF B09

ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်း ဒေါစဲကျေးရွာက ကျေးလက်ဆေး ပေးခန်း ဒီနေ့ မနက် ၁ နာရီလောက်က လက်နက်ကြီးနဲ့ ပစ်ခတ်ခံရပြီး ပျက်စီးသွားတယ် လို့ ဒေသခံတွေက ပြောပါတယ်။

တိုက်ပွဲဖြစ်တာမရှိဘဲ လက်နက်ကြီးနဲ့ ပစ်ခတ်ခံရတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံ အမျိုးသမီး တစ်ဦးက ပြောပါတယ်။

"ဒီးမော့ဆိုမြို့အရှေ့ခြမ်းက ဒေါစဲရွာပါ အဲမှာ ကျတာ။ ဆေးခန်းပျက်စီးသွားပါတယ်။ ဘယ်လောက်ထိ ပျက်စီးသွားလဲဆိုတာတော့ သေချာမသိရသေးဘူး။ ည ၁ နာရီလောက် တုန်းက နီးနီးလေး ကြားလိုက်ရတာပါ။ မနက်ကတော့ လက်နက်ကြီး ထပ်ကြားရပြန် တယ်။ နည်းနည်းတော့ ဝေးတယ်"

ဒီဆေးခန်းဟာ အစိုးရ ကျေးလက်ဆေးပေးခန်းဖြစ်ပြီး စစ်ကောင်စီအာဏာမသိမ်းခင်အထိ ဒေသခံတွေ အားထားခဲ့ကြရတဲ့ ဆေးခန်းဖြစ်ပါတယ်။

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF- B09) ကတော့ ဒါဟာ စစ်ကောင်စီ တပ်ရဲ့လက်ချက်ဖြစ်ပြီး ရွာသားအချို့လည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒီနေ့ထုတ်ပြန် ပါတယ်။ ဒါပေမဲ့ ရွာသားဘယ်နှစ်ဦး ထိခိုက်ဒဏ်ရာရတယ်ဆိုတာကိုတော့ ထုတ်ပြန် ချက်မှာ ဖော်ပြမထားပါဘူး။

ကျေးလက်ဆေးပေးခန်းကို လက်နက်ကြီးနဲ့ ပစ်ခတ်ခံရတာဟာ ဘယ်သူ့လက်ချက် ဆိုတာကိုတော့ RFA အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။ ဒီကိစ္စနဲ့ ပတ်သက်လို့ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်း ကို RFA က ဆက်သွယ် မေးမြန်းဖို့ ကြိုးစားနေဆဲဖြစ်ပါတယ်။

ဒေါစဲကျေးရွာဟာ စစ်ကောင်စီရဲ့ ခမရ (၄၂၇)၊ ခလရ (၁၀၂) အပြင် အမှတ် (၃၆၀) အမြောက်တပ်နဲ့ နီးတဲ့ရွာ ဖြစ်ပါတယ်။

ဒီနေ့ မနက်က ဒေါစဲကျေးရွာနဲ့နီးတဲ့ တနီးလာလဲကျေးရွာမှာလည်း လက်နက်ကြီးတွေ ကျရောက်ခဲ့တဲ့အတွက် နေအိမ်တချို့ ပျက်စီးတာတွေရှိတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်း ကယားပြည်နယ်မှာ စစ်ရေးပဋိပက္ခတွေကြောင့် အဆောက် အအုံ ၅၉၃ လုံး ပျက်စီးခဲ့ရတယ်လို့ ကရင်နီလူမှုအသင်းအဖွဲ့ကွန်ရက် (KCSN) က ပြီးခဲ့တဲ့ မတ်လ ၂ ရက်နေ့က ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။