ဒေါက်တာဇော်မြင့်မောင်ကို နိုင်ငံတော်အကြည်ညိုပျက်စေမှုနဲ့ တရားစွဲ

2021-02-18
Share
ဒေါက်တာဇော်မြင့်မောင်ကို နိုင်ငံတော်အကြည်ညိုပျက်စေမှုနဲ့ တရားစွဲ NLD ဒုဥက္ကဋ္ဌ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ကို ၂၀၂၀ ဒီဇင်ဘာ ၄ ရက်နေ့က တွေ့ရစဉ်
Photo: Dr Zaw Myint Maung Facebook

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ(၂)လည်းဖြစ် မန္တလေးတိုင်းဝန်ကြီးချုပ်လည်းဖြစ်တဲ့ ဒေါက်တာ ဇော်မြင့်မောင်ကို နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) နဲ့ တရားစွဲဆိုပြီး စစ်ကောင်စီက မန္တလေး အကျဉ်းထောင်မှာ ထိန်းသိမ်းထားပါတယ်။

ဒေါက်တာဇော်မြင့်မောင်ကို ဒီနေ့ မန္တလေးမြို့ အောင်မြေသာစံမြို့နယ်တရားရုံးမှာ ဗီဒီယိုအွန်လိုင်းစနစ်နဲ့ ပထမဆုံးအကြိမ် ရုံးထုတ် စစ်ဆေးခဲ့ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်မှုဆောင်အဖွဲ့က ကြေညာချက် ငါးစောင်ထုတ်ခဲ့ပြီး အဲဒီ ကြေညာ ချက်တွေဟာ နိုင်ငံတော်အစိုးရ၊ နိုင်ငံတော် ငြိမ်ဝပ်ပိပြားရေးကို ကျူးလွန်ချင်လာအောင် ဆောင်ရွက်ခဲ့တဲ့ ကြေညာချက်တွေဖြစ်လို့ တရားစွဲဆိုတာလို့ အောင်မြေသာစံမြို့နယ် တရားရုံးက သတင်းပြန်ကြားရေးအရာရှိ ဦးလှမျိုးဝင်းက ပြောပါတယ်။

တရားလိုက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နွယ်နီခိုင် ဖြစ်ပါတယ်။

ဒီနေ့ ရုံးချိန်းမှာ ဒေါက်တာဇော်မြင့်မောင်ကို ချုပ်ရက်ရမန်ပေးလိုက်ပြီး လာမယ့် ဖေဖော်ဝါရီလ ၂၂ ရက်နေ့မှာ ရုံးချိန်းပြန်ချိန်းလိုက်ပါတယ်။

မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်နဲ့ မြို့တော်ဝန် ဒေါက်တာရဲလွင်ကို မန္တလေးမြို့ အောင်မြေ သာစံတရားရုံးမှာ ဒီနေ့ ရုံးထုတ်စစ်ဆေးမယ်ဆိုတဲ့ သတင်းကြောင့် ပြည်သူအများအပြား တရားရုံးရှေ့ကို မနက်အစောပိုင်းထဲက လာရောက်ဝန်းရံခဲ့ပြီး ပြန်လွှတ်ပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။

တရားစွဲခံရသူထဲမှာ မြို့တော်ဝန် ဒေါက်တာရဲလွင် မပါကြောင်းနဲ့ အောင်မြေသာစံမြို့နယ် တရားရုံးမှာ တရားစွဲခံထားရသူတဲ့ အစိုးရအဖွဲ့ဝင်တွေထဲမှာ လက်ရှိအချိန်အထိ ဝန်ကြီးချုပ်တစ်ဦးသာရှိသေးတယ်လို့ ပြောပါတယ်။

ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥပဒေအထောက်အကူ အဖွဲ့က ဥပဒေပညာရှင် ဒေါ်ရွက်နုအောင်က အမှုကို လိုက်ပါဆောင်ရွက်ပေးမှာ ဖြစ်ပါတယ်။

ဒေါက်တာဇော်မြင့်မောင်ကို အစိုးရနေအိမ်ကနေ အခုလ ၇ ရက်နေ့ကတည်းက ဒုတိယအကြိမ် ဖမ်းဆီး ခေါ်ဆောင်သွားခဲ့တာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

ဆိုက်တခုလုံးသို့