NUG ကို ထိရောက်တဲ့ ပြုပြင်ပြောင်းလဲမှုတွေ ဆက်လုပ်မယ်လို့ ယာယီသမ္မတပြော

RFA Burmese
2025.02.01
NUG ကို ထိရောက်တဲ့ ပြုပြင်ပြောင်းလဲမှုတွေ ဆက်လုပ်မယ်လို့ ယာယီသမ္မတပြော
NUG

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က လူထု အကြံပြုချက်တွေနဲ့ အမြင်သဘောထားတွေကို အလေးအနက်ထားပြီး ထိရောက်တဲ့ ပြုပြင်ပြောင်းလဲမှုတွေ ဆက်လက်လုပ်ဆောင်သွားမယ်လို့ ယာယီသမ္မတ ဒူဝါလရှီးလက ပြောလိုက်ပါတယ်။

ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်း လေးနှစ်ပြည့် မိန့်ခွန်းမှာ ယာယီသမ္မတက ပြောခဲ့တာပါ။

“ကျွန်တော်တို့အစိုးရအနေနဲ့ အားနည်းချက်တွေကို နည်းသထက်နည်းအောင် ကြိုးစားပြီး အားသာချက်ကို များသထက်များအောင် ကြိုးစားနေပါတယ်၊ လူထုရဲ့ အကြံပြုချက်တွေ၊ လူထုရဲ့ အမြင်သဘောထားတွေကို ကျွန်တော်တို့အနေနဲ့ အထူးအလေးအနက်ထားပြီး ထိရောက်တဲ့ ပြုပြင်ပြောင်းလဲမှုတွေကို ဆက်လက်လုပ်သွားမှာဖြစ်ကြောင်း ထပ်လောင်းပြောကြားလိုပါတယ်”

NUG အစိုးရကို ဖွဲ့စည်းခဲ့တာဟာ အမျိုးသားညီညွတ်ရေးအတွက် အခြေခံမူထားပြီး တော်လှန်ရေးနဲ့ တည်ဆောက်ရေးလုပ်ငန်းတွေ ဆောင်ရွက်ဖို့ဖြစ်တယ်လို့ ဆိုပါတယ်။ တိုင်းရင်းသားတော်လှန်ရေး မဟာမိတ်အဖွဲ့အစည်းတွေနဲ့ လက်တွေ့ကျကျပူးပေါင်းပြီး မဟာမိတ်တပ်ပေါင်းစုအသွင်နဲ့ စစ်အာဏာရှင်ကို ဆက်တော်လှန်သွားမယ်လို့ ဒူဝါလရှီးလက ပြောပါတယ်။

ဒါ့အပြင် မြန်မာစစ်တပ်ထဲက စစ်ဗိုလ်ချုပ်တွေနဲ့ တပ်မတော်သားတွေ ပြည်သူ့ဘက်ကို မျက်နှာမူပြီး ဘက်ပြောင်းခိုလှုံပါဝင်ဖို့လည်း တိုက်တွန်းခဲ့ပါတယ်။

“မြန်မာစစ်တပ်ထဲက တပ်မတော်သားစစ်စစ်တွေနဲ့ တိုင်းပြည်ကိုချစ်မြတ်နိုးတဲ့ စစ်ဗိုလ်ချုပ်တွေဟာ ပြည်သူဘက်ကို မျက်နှာမူပြီး အကြမ်းဖက်စစ်ကောင်စီကို ငြင်းဆန်ဖို့ ကြိုးစားပါလို့ ကျွန်တော်အနေနဲ့ လေးနက်စွာ မေတ္တာရပ်ခံလိုပါတယ်”

ဘက်ပြောင်းခိုလှုံလာမယ့် တပ်မတော်သားတွေကို အချိန်မရွေး နေရာမရွေး လက်ခံကြိုဆိုသွားမယ်လို့လည်း ဒူဝါလရှီးလက ပြောပါတယ်။

စစ်တပ်အာဏာသိမ်းထားတဲ့ ၂ဝ၂၁ ခုနှစ်ကနေ ၂ဝ၂၄ ခုနှစ် ဒီဇင်ဘာလအတွင်း စစ်ကောင်စီတပ်သားနဲ့ ရဲတပ်ဖွဲ့ဝင်တွေ အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှု (CDM) မှာ ပါဝင်လာသူ (၁၄,၇၆၀) နီးပါး ရှိလာပြီလို့ NUG က ဇန်နဝါရီ ၄ ရက်နေ့မှာ ထုတ်ပြန်တဲ့ စစ်ရေးအစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ၂ဝ၂၄ ခုနှစ် တစ်နှစ်အတွင်းမှာပဲ ရဲ နဲ့ စစ်သား ၅၆၇ ဦး CDM လှုပ်ရှားမှုမှာပါဝင်လာပြီး ဒုဗိုလ်မှူးကြီး ငါးဦး နဲ့ ဗိုလ်မှူး ၄၂ ဦး ပါဝင်တယ်လို့ ဆိုပါတယ်။ ဖေဖော်ဝါရီ ၁ရက်နေ့က ထုတ်ပြန်တဲ့ NUG ကာကွယ်ရေးဝန်ကြီးဌာနစာရင်းမှာ ဇန်နဝါရီတစ်လအတွင်း အရာရှိအဆင့် ဗိုလ်မှူး တစ်ဦးအပါအဝင် တပ်သားနဲ့ ရဲတပ်ဖွဲ့ဝင် ၁၃၆ ဦး ပြည်သူ့ဘက်ကူးပြောင်းလာတယ်လို့ ဖော်ပြထားပါတယ်။ လက်နက်နဲ့အတူ ခိုလှုံလာသူ ၈၃ ဦးရှိပြီး NUG က လက်နက်တန်ဖိုးအလိုက် ဂုဏ်ပြုငွေတွေ ပေးအပ်ခဲ့တယ်လို့လည်း ဆိုပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။