မကွေးမြို့မှာ သတင်းသွားယူတာတဲ့ သြစတြေး လျနိုင်ငံသား DVB အင်္ဂလိပ်ပိုင်း သတင်းထောက် Angus Watson ကို ဆန္ဒပြပွဲမှာပါဝင်တယ်ဆိုပြီး ဒီကနေ့ညနေက လူဝင်မှုကြီးကြပ်ရေးဌာနက ပြည်နှင် ဒဏ်ပေးလိုက်ပါတယ်။
မနေ့က မကွေးမြို့မှာ ကျင်းပတဲ့ သတင်းမီးဒီယာတွေ အပေါ်မှာ ဖိနိပ်မှုရပ်တန့်ရေးနဲ့ အဖမ်းဆီးခံ သတင်းထောက်တွေ လွှတ်ပေးရေး ဆန္ဒပြပွဲကို Angus Watson သွားရောက်သတင်းယူခဲ့တာကို ပြည်နှင် ဒဏ်ပေးခဲ့တာဖြစ်ပါတယ်။ ခုလို ဆန္ဒပြတယ်ဆို ပြီး ပြည်နှင်ဒဏ်ပေးတာဟာ နှုတ်နဲ့ပြောဆိုတာဖြစ်ပြီး ဘာသက်သေစာရွက် စာတန်းမှ ပြဆိုနိုင်ခြင်းမရှိဘူးလို့ DVB သတင်းဌာနက ပြောပါတယ်။ DVB သတင်းဌာန ဒုတိယညွန်ကြားရေးမှူး ဦးခင်မောင်ဝင်းက
"ထပ်ခါထပ်ခါစာတောင်းတော့ စာမပေးနိုင်ဘူး၊ မပေးနိုင်တော့ သူတို့က စမ်းချောင်း ခရိုင်လဝက ဦးစီးမှူးကနေပြီးတော့မှ မကွေးမြို့နယ်က လဝကကို ဖုန်းဆက်တယ်၊ ကျနော်တို့က အတင်းဆက်ခိုင်းလို့ ကျနော်တို့ သိချင်လို့ပါလို့၊ သူတို့ဖုန်းဆက်ပေးပြီးတော့မှ မကွေးမြို့နယ် လဝကဦးစီးမှူးနဲ့ ပြောခိုင်းပါတယ်၊ ပြောခိုင်းတော့ ကျနော်က ခုနကလိုပဲ ထပ်ပြီးတော့မေးပါတယ်၊ စာပေးပါ၊ စာပြပါ၊ ဘာကျူးလွန်တာလဲပေါ့၊ အဲဒါနဲ့ ဟိုကပြောတာက သူကတဲ့ဆန္ဒပြလို့တဲ့ ကျနော်တို့လူက သတင်းပဲယူတာပါလို့၊ အဲလိုမျိုးအချေအတင် ပြန်လည်ငြင်းခုန်ပြီးဖြစ် တာပေါ့နော်၊ အဲသလို ငြင်းခုန်တဲ့ကိစ္စကို မျှတတဲ့စီရင်မှုမရလိုက်ဘူး"
ဒီကိစ္စနဲ့ပတ်သက်ပြီး သမ္မတရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က သူရဲ့လူမူရေးစာမျက်နှာမှာ ရေးသားထားတာက အဲဒီနိုင်ငံခြားသားဟာ စီးပွားရေးလုပ်ငန်းဗီဇာနဲ့ မြန်မာနိုင်ငံကို ဧပြီလ ၂၇ ရက်နေ့မှာ ဝင်ရောက်ခဲ့တာဖြစ်ပြီး ဇူလိုင်လ ၂၂ ရက်နေ့အထိ နေထိုင်ခွင့်ပြုထားကြောင်း။ သူဟာ ခွင့်ပြုမိန့်မရဘဲ စီတန်းလှည့်လည်ဆန္ဒပြရာမှာ ပါဝင်ဆောင်ရွက်ခဲ့တဲ့အတွက် ဗီဇာစည်းကမ်းဖောက်ဖျက်မှုနဲ့ ဒီနေ့မှာ လူဝင်မှုကြီးကြပ်ရေးက လဝက အက်ဥပဒေ ပုဒ်မ (၂) အရ ပြည်နှင်ဒဏ်ပေးခဲ့တယ်လို့ ရေးသားထားပါတယ်။